ဒီဇင်ဘာလ၊ ၂၀ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်အစပ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာတွင် ဖြစ်ပွားသည့် တိုက်ပွဲ ကြောင့် ထိုအနီးနားကျေးရွာရှိ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်အချိုု့သည် စိုက်ပျိုးထားသည့် စပါး အများအပြား အချိန်မီပြန်မရိတ်သိမ်းနိုင်ကြကြောင်း စစ်ရှောင်ကူညီသူများကပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၁၂) ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး နှင့် လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်ဆောင်သောကြောင့် ထောင်နှင့်ချီသည်ဒေသခံများ နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရပြီး ယနေ့အချိန်ထိ နေအိမ်မပြန်နိုင်သေးသောကြောင့် စိုက်ပျိုးထားသည့် စပါးများ မရိတ်သိမ်းနိုင်ကြကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ယခုလိုပြောသည်။
၎င်းက “စစ်ရှောင်တွေက အိမ်မှပြန်လို့မရသေးတာ။ ကျနော်တို့ရွာမှာ လာရှောင်တောာ့ ကျနော်တို့လည်း တတ် နိုင် သလောက်ကူညီပေးတယ်။ တချို့က အိမ်ပြန်ကြည့်တာရှိတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းကဆိုရင် လက်နက် ကြီးလက်နက်ငယ် ပစ်တာရှိတုန်းဘဲ။ လေယာဉ်ကအခုရက်ပိုင်း လာတာမ တွေ့ရတော့ဘူး။ မနေ့တုန်း ကလဲ ချောင်းနှစ်ခွဘက် အသံတွေ ကြားနေရတုန်းဘဲ။ ရွာပြန်နေမရတော့ ရိတ်မယ့် လူတွေလည်းမရှိဘူး။ လူစုပြီး ပြန်ရိတ်မယ့်အခါလုပ်တော့ စပါးရိတ်ရမယ့်အချိန်မှာစပါးတွေက မရိတ်နိုင်တော့ စပါးတွေပျက်ဆီး ကုန်တယ်လို့ ပြောတယ်။” ဟု ကေအိုင်စီသို့ပြောသည်။
စပါးခင်းအချို့တွင် အချိန်မီမရိတ်သိမ်းနိုင်သည့်အတွက် စပါးများပျက်ဆီးသွားသည့်အပြင် စပါးခင်းထဲတွင် လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခြင်းရှိသလို မပေါက်ကွဲသည့် လက်နက်ကြီးများလည်း ကျန်ရှိ သည့်အတွက် စပါးပြန်မရိတ်ရဲသည့်သူများလည်းရှိကြောင်း ၎င်းစစ်ရှောင်ကူညီသူကဆက်ပြောသည်။
ချောင်းနှစ်ခွစခန်းသိမ်းတိုက်ပွဲနောက်ဆက်တွဲကြောင့် ထွက်ပြေးနေရသည့် ကျေးရွာပေါင်း ၂၀ကျော်ရှိပြီး စစ်ရှောင်တစ်သောင်းကျော်အထက်ရှိကာ အချို့သည် နီးစပ်ရာ အသိမိတ်ဆွေနှင့် ဆွေမျိုးနေအိမ်များကို သွားရောက်တိမ်းရှောင်သူရှိသလို အများစုသည် ဘုန်းကြီးကျောင်းများနှင့် ကျောက်လှိုက်ဂူများတွင် သွား ရောက်တိမ်းရှောင်နေကြရကြောင်းသိရသည်။
ဝင်းရေးမြို့နယ် ပြည်တွင်းဌာနေမဲ့ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ-CIDKP တာဝန်ရှိသူတစ်ဦးက” အဲဒီမှာချောင်းနှစ်ခွတိုက်ပွဲဖြစ်ပြီး စစ်ရှောင်တွေကတော့အများကြီးပါဘဲ။ အထ္ထရံမြစ်အရှေ့ဘက်ရော၊ အနောက်ဘက်ရော သွားရောက်တိမ်းရှောင်ကြတာရှိတယ်။ ပြီးတောမုဒုံ၊ ကျိုက်မရောမြို့နယ်ဘက်မှာများတယ်။ အထ္တရံမြစ် အရှေ့ဘက်မှာတော့နည်းတယ်။ မြစ်ရဲ့အရှေ့ဘက်မှာ ကောက်ယူထားနိုင်တဲ့စာရင်းက ၆၀၀ ကျော်ကျော်ဘဲရှိတယ်။ စစ်ရှောင်ရတော့အဆင်ဘယ်ပြေမလဲ။ အကူအညီတွေကတော့ အများကြီးလိုတာပေါ့” ဟု ကေအိုင်စီ သို့ပြောသည်။
ထွက်ပြေးတိမ်းရှောင်ရသည့်စစ်ရှောင်အချို့သည် ကေအဲန်ယူ နှင့် CIDKP ဘက်မှ သွားရောက် ကူညီပေးခြင်းရှိ သလို မိမိအစီအစဉ်နှင့် စားသောက်နေထိုင်ရသူလည်းရှိကာ ဘုန်းကြီးကျောင်းနေရာများရှိ သွားရောက်တိမ်း ရှောင်သူများသည် ကျေးရွာဒေသခံများ နှင့် စေတနာရှင်အလှူရှင်များက ကူညီပေးခြင်းရှိကြောင်းသိရသည်။
တိုက်ပွဲကြောင့် တောင်ကလေးအရှေ့စု၊ ကျောက်ကွဲ၊ လှဘူးကုန်း၊ မယ်သရို၊ လှကဇိုင်း၊ နောင်ရုပ်အင်း၊ ဖက် တေးကုန်း၊ ဇီးကုန်း၊ ချောင်းနှစ်ခွ၊ ပေါလော နှင့် ဖာသိမ်ကမန်းနားအပါအဝင် ကျေးရွာပေါင်း၂၀ ကျော်က တိမ်း ရှောင် နေရခြင်းဖြစ်သည်။
ချောင်းနှစ်ခွတံတားကိုလည်း နိုဝင်ဘာလ ၁၇ရက်နေ့က ဖျက်ဆီးခံလိုက်ရကာ ချောင်းနှစ်ခွကျေးရွာနှင့် အနီး နားဝန်းကျင်ကျေးရွာများတွင် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ကြား ထိတွေ့ပစ်ခတ်မှု မကြာ ခဏရှိသေးကြောင်းလည်းသိရသည်။