Home သတင်း သရက်ချောင်း၊ ပဲဒက်ကျေးရွာအုပ်စု ပြည်သူ့စစ်ခေါင်းဆောင် စိုးဝေ ရှင်းလင်းခံရ

သရက်ချောင်း၊ ပဲဒက်ကျေးရွာအုပ်စု ပြည်သူ့စစ်ခေါင်းဆောင် စိုးဝေ ရှင်းလင်းခံရ

1097

နိုဝင်ဘာလ ၁၀ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာအုပ်စု ပျူစောထီးခေါင်းဆောင် စိုးဝေဆိုသူ ယမန်နေ့နံနက် ၁၀နာရီကျော်တွင် ရှင်းလင်းလိုက်ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

အဆိုပါ ပျူစောထီးခေါင်းဆောင် စိုးဝေသည် ပဲဒက်ကျေးရွာအုပ်စုနှင့် ကျောက်ဆည်ကျေးရွာအုပ်စုတို့ တွင် ပျူစောထီးခေါင်းဆောင်အဖြစ် တာဝန်ယူထားသူဖြစ်ကြောင်း သိမ်းငှက်ပြောက်ကျား တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“သူက သရက်ချောင်းမြို့နယ်ထဲမှာရှိတဲ့ပျူစောထီးအဖွဲ့ထဲမှာ တာဝန်ကြီးသူတစ်ဦးပဲ။ အခု သူက ပဲဒက်ရွာနဲ့ကျောက်ဆည်ရွာမှာ တာဝန်ကြီးတဲ့ ပျူစောထီးခေါင်းဆောင်ဖြစ်တယ်။ မနေ့က ကျောက် ဆည်မှာ ပျူစောထီးအစည်းအဝေးလစာရှင်းတမ်းလုပ်ပြီး အပြန်လမ်းဆင်စွယ်ချောင်းရွာမှာ ရှင်းလင်း လိုက်တယ်”ဟု ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် သက်သေမပြနိုင်ဘဲ ပစ်ခတ်ရှင်းလင်းခံရသည့်ဖြစ်စဉ်ရှိသည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရုံးများတွင် သွားလာ၍ မရဲတော့သည့် အခြေအနေရှိလာကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “တနင်္သာရီတိုင်းမှာ တိုက်ပွဲဖြစ်တဲ့ဒေသတွေမှာ သက်သေတွေမပြနိုင်ဘဲ ရှင်းလင်း ခံရတဲ့သူရှိတယ်။ တစ်ချို့တော့ လုပ်လို့ ရှင်းလင်းခံရတယ်။ တစ်ချို့ကလည်းသက်သေတွေမပြနိုင်ဘူး။ ဒေသခံအချို့တွေဆို ဌာနဆိုင်ရာရုံးတွေ မှတ်ပုံတင်ရုံးတွေတောင် မသွားရဲတော့ဘဲ စိုးရိမ်ရတာရှိတယ်”ဟု ပြောသည်။

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် နှင့် လောင်းလုံမြို့နယ်တို့တွင် အလားတူ ပစ်သတ်ရှင်းလင်းခံရမှု မကြာခဏ ဖြစ်ပွားလေ့ရှိသည့်အတွက် စိုးရိမ်ကြောက်ရွံ့မှုများဖြင့် နေထိုင်ကြရသည်ဟု ဒေသခံများက ပြောသည်။