နိုဝင်ဘာ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၇) နယ်မြေ၊ ဖားအံခရိုင်၊ နဘူးမြို့နယ် နို့ဝခ လေနှင့် တဝဲကျေးရွာနားတွင် လောင်းကစားဝိုင်းများကို ပြုလုပ်နေသည်မှာ သုံးလနီးပါးရှိနေ သော်လည်း မည်သည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းမှ အရေးယူဆောင်ရွက်ခြင်းမရှိ သေးသည့်အတွက် ဒေသခံပြည်သူများ စိတ်ပျက်နေကြရကြောင်း သိရသည်။
ဖားအံခရိုင်တွင် လောင်းကစားပပျောက်ရေးအတွက် ကရင်လက်နက်ကိုင်လေးဖွဲ့ပါဝင်သည့် ကရင်လက်နက် ကိုင်စည်းလုံးညီညွတ်ရေးကော်မတီက ၂၀၂၃ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး လောင်းက စားပြုလုပ်လျှင် ဥပဒေအရ အရေးယူမည်ဟုဆိုထားသော်လည်း လက်နက်ကိုင်အဖွဲ့ဝင်များ ကိုယ်တိုင် လုံခြုံ ရေးစောင့်ကာ လောင်းကစားဝိုင်းပြုလုပ်နေသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“လက်မှတ်ပဲထိုးထားတာ အမည်ခံရုံပဲ။ သူတို့က ဘာမှမဟုတ်ဘူး။ ကန်ထရိုက်ရှိရင် ကန်ထရိုက်ဆွဲပြီးတော့ လောင်းကစားကို လုပ်တာပဲ။ လက်မှတ်ထိုးထားတဲ့သူတွေက လုံခြုံရေးစောင့်ပြီးလောင်းကစား ဝိုင်းကို လုပ်နေတာ။ လက်မှတ်ထိုးတာက ရုပ်ပြသက်သက်ပဲလို့ ပြည်သူတစ်ယောက်အနေနဲ့မြင်တယ်” ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။
၎င်းလောင်းကစားဝိုင်းပြုလုပ်သောနေရာတွင် အသံချဲ့စက်ဖြင့် သီချင်းများကျယ်လောင်စွာဖွင့်ခြင်းကြောင့် လောင်းကစားဝိုင်းနားရှိ ဒေသခံပြည်သူများလည်း ညအချိန်အိပ်စက်နားယူနိုင်ခြင်းမရှိသလို ညဘက်သွား လာရာတွင်လည်း လုံခြုံမှုမရှိသလို ခံစားနေကြရကြောင်းလည်း အဆိုပါ ဒေသခံက ဆက်ပြောသည်။
ဖားအံခရိုင်အတွင်း လောင်းကစားများပြုလုပ်ခြင်းကို ကရင့်လက်နက်ကိုင်စည်းလုံးညီညွတ်ရေးကော်မတီက တရားဝင်တားမြစ်ထားသော်လည်း အချို့လက်နက်ကိုင်အဖွဲ့အစည်းများ၏ ပါဝင်ပတ်သက်မှုများရှိနေခြင်း ကြောင့် ထိရောက်စွာအရေးယူတားဆီးနိုင်ခြင်း မရှိဘဲ ယခုလို လောင်းကစားဝိုင်းများရှိနေ ရခြင်း ဖြစ် ကြောင်းကို ဒေသခံပြည်သူများက ဝေဖန်ပြောဆိုကြသည်။
အဆိုပါ ဒေသတွင်း လောင်းကစားဝိုင်းများကြောင့် ဒေသခံ ပြည်သူများ အကျင့်စာရိတ္တများ ပျက်စီးလာသလို ဒေသတွင်း ကျေးရွာနေအိမ်များတွင် ပစ္စည်းခိုးယူခံရမှုများလည်း အဖြစ်များလာကြောင်း နောက်ထပ်နဘူး ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “အခုလို လောင်းကစားဝိုင်းကြောင့် ပစ္စည်းတွေတန်ဖိုးကြီးတာရော မကြီးတာရောပျောက်တယ်။ ရွာထဲမှာ ဆိုင်ကယ်နှစ်စီးပျောက်တယ်။ တစ်ခါတလေကျရင် ဒီမှာဆိုင်ကယ်သော့ခတ်ထားတာ တောင်မှ ညဘက် အိပ်လို့ရှိရင် ခွေးသံခြေသံကို သေချာနားထောင်ရတယ်။ ဒီလောင်းကစားဝိုင်းရှိတော့ ပျောက်တာ တွေတော်တော်များတယ်။ ဟိုဟာပျောက်၊ ဒီဟာပျောက်နဲ့ ညဘက်လှန်းထားတဲ့ အဝတ်တွေ လည်းပျောက်တာ” ဟု ကေအိုင်စီသို့ပြောသည်။
ကရင်ပြည်နယ်အတွင်း ကရင်လက်နက်ကိုင်များ ရောနှောထိန်းချုပ်ရာ နယ်မြေများတွင် လက်နက် ကိုင်ခေါင်း ဆောင်တချို့မှာ ဘုရားပွဲ၊ ဘုရားထီးတင်ပွဲ၊ ရှင်ပြုပွဲအစရှိသည့် ဒေသတွင်း ပွဲလမ်းသဘင်များနှင့် အခြား နေ့ကြီးရက်ကြီးနေ့များကို အကြောင်းပြပြီး ကျေးရွာများတွင် လုံခြုံရေးချထားကာ လောင်းကစားဝိုင်းများကို လုပ်ဆောင်နေကြသလို ငွေကြေးချမ်းသာသည့် ဒေသခံအချို့ကလည်း လက်နက်ကိုင်ခေါင်းဆောင်များနှင့် ပေါင်း၍ ကန်ထရိုက်သဘောမျိုးသဘောတူ၍ ဇာတ်သဘင်များငှားရမ်းကာ လုပ်ဆောင်မှုများလည်း ရှိသည်ဟု သိရသည်။



















