Home သတင်း ထားဝယ်ဒေသ တိုက်ပွဲကြောင့် မြို့ပေါ် တိမ်းရှောင်လာသည့်နယ်ခံများ အိမ်ငှားနေထိုင်ရေး ခက်ခဲနေ

ထားဝယ်ဒေသ တိုက်ပွဲကြောင့် မြို့ပေါ် တိမ်းရှောင်လာသည့်နယ်ခံများ အိမ်ငှားနေထိုင်ရေး ခက်ခဲနေ

709
Photo: CJ

နိုဝင်ဘာ ၂၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများတွင် တိုက်ပွဲများ ပိုမိုဖြစ်ပွားလာပြီး ဒေသခံများအနေဖြင့် နီးစပ်ရာ မြို့ပေါ်များသို့ စစ်ဘေးတိမ်းရှောင်နေထိုင်ကြရာတွင် အိမ်ခန်းငှားမရသည့် အခက်အခဲများနှင့် ကြုံတွေ့နေကြရကြောင်း ဒေသခံစစ်ဘေးရှောင်များက ပြောဆိုသည်။

တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြီးခဲ့သည့် စက်တင်ဘာလမှစတင်ပြီး ကျေးရွာ များအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဆက်တိုက်စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ အတွင်းရှိ ဒေသခံများအနေဖြင့် နီးစပ်ရာမြိတ်မြို့သို့ သွားရောက်ရှောင်တိမ်းနေရပြီး မြို့ပေါ်ရှိ နေရာများတွင် အိမ်ခန်းငှား၍မရကြောင်း မြို့ပေါ် စစ်ရှောင်တစ်ဦးက ပြောသည်။

၎င်းက “ပြန်မရဲကြတော့ဘူးလေ။ ဒေသခံတော်တော် များများက။ စစ်ကြောင်းက ထိုးလိုက် ဝင်လိုက်ဆိုတော့။ ပြန်လည်း မထူးကြတော့ မြို့မှာပဲအပြီးနေကြတယ်။ တချို့ကျတော့လည်း အမျိုးအိမ်မှာ သွားနေကြတာပေါ့။ ရွာ ဘက်က စစ်ရှောင်လာတဲ့သူတွေကများတော့ ဈေးသက်သာတဲ့အခန်းတွေ မရကြတော့ဘူး။ အခန်းလိုက်ငှားရတာ တော်တော်ခက်လာတယ်။ သူများတွေကလည်း သိပ်မငှားပေးချင်ကြဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

မြိတ်ကျွန်းစုကျေးရွာများဖြစ်သည့် မင်းဂုတ်၊ ပြင်ဝန်း၊ ရတောင် နှင့် ဝါရစ်စသည့် ကျေးရွာများမှ မြိတ်မြို့ ပေါ်သို့ စစ်ဘေးလာရောက်ရှောင်တိမ်းရာတွင် ဆိုင်ခန်းများကို ငှားယူ၍ အိမ်ပုံစံပြန်လည်ပြုလုပ်ငှားရမ်းနေထိုင် သူများပြားလာသောကြောင့် အခန်းတစ်ခန်းလျှင် ကျပ်(၅၀,၀၀၀)မှ (၇၀,၀၀၀)ကျပ်အထိလည်းကောင်း၊ လုံးချင်း အိမ်တစ်လုံးလျှင် (၁၂၀,၀၀၀)ကျပ်မှ (၁၇၀,၀၀၀)ကျပ်အထိ ပေါက်စျေေးရှိကြောင်း ၎င်းစစ်ရှောင်က ဆက် ပြောသည်။

ယခုလိုမြို့ပေါ် ရပ်ကွက်များသို့ သွားရောက် စစ်ရှောင်ကြရာတွင် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှောင့် ယှက်ဖမ်းဆီးမှုများခံကြရသလို ငွေကြေးမတတ်နိုင်သည့် စစ်ဘေးရှောင်များအနေဖြင့်လည်း မြို့ပေါ် ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သွားရောက်ခိုလှုံနေကြရကြောင်း မြိတ်မြို့ခံတစ်ဦးက ဆိုသည်။

၎င်းမြို့ခံက “တစ်ခါတလေကျရင် လမ်းမှာအပြည့်ပဲ။ အဲ့ခါကျရင်ရဲတွေ စစ်သားတွေကလာပြီး သေနတ် တကားကားနဲ့ လုပ်ကြတယ်။ အဆင်မပြေဘူး အဲ့လိုတွေ့ရမြင်ရတော့။ တိုက်ပွဲဖြစ်လို့ စစ်ဘေးလာ ရှောင်ပါ တယ်ဆို ဧည့်စာရင်း မတိုင်လို့ ဖမ်းတာကရှိသေးတယ်။ ပိုက်ဆံမတတ်နိုင်တဲ့ သူတွေကျတော့လည်း ဘုန်းကြီးကျောင်းမှာ သွားနေရတာပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင် ဒေသခံပြည်သူများအား ရိက္ခာဖြတ်တောက်ခြင်း၊ ဂိတ်ကြေးအဆမတန် ကောက်ခံခြင်းစသည့်လုပ်ရပ်များကြောင့် စပါးကို တစ်ဆင့် ဝယ်ယူသည့် ပွဲစားများအနေဖြင့် မြို့နယ်အတွင်း လယ်ယာစိုက်ပျိုးသူများထံမှ အကြောင်းအမျိုးမျိုးပြကာ ဈေးနှိမ်၍ ဝယ်ယူနေကြောင်းလည်း ဒေသခံများက ပြောသည်။

အဆိုပါ မြိတ်မြို့တွင် ညမထွက်ရ အချိန်ကို ပြန်လည်လျှော့ချသတ်မှတ်ထားသော်လည်း မြို့အတွင်းရှိ ရပ်ကွက်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညအချိန်တွင် ပြည်သူများကို အကြောင်းအမျိုးမျိုးပြကာ အကြမ်းဖက်ဖမ်းဆီးမှုများရှိနေသေးကြောင်းလည်း မြို့ခံများထံမှ သိရသည်။