Home သတင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ပြီး လက်နက် ၆ လက်ရရှိကြောင်း Lion Battalion Commando ထုတ်ပြန်

စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ပြီး လက်နက် ၆ လက်ရရှိကြောင်း Lion Battalion Commando ထုတ်ပြန်

832
Photo: Lion Battalion Commando

နိုဝင်ဘာလ ၂၁ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်မ‌ရောမြို့နယ်၊‌ ချောင်းနှစ်ခွကျေးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်များကို ကြားဖြတ်တိုက်ခိုက်ပြီး လက်နက် ၆ လက်နှင့် ခဲယမ်းများထပ်မံသိမ်းဆည်းရမိကြောင်း Lion Battalion Commando ဗျူဟာစစ်ကြောင်း တပ်ခွဲ(၃)က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

၎င်းတို့လက်လွှတ်ခဲ့ရသည့် ချောင်းနှစ်ခွတံတားကို ပြန်လည်သိမ်းပိုက်နိုင်ရန် နိုဝင်ဘာလ ၂၀ ရက်၊ ယမန်နေ့တွင် မြေပြင်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် နယ်မြေရှင်းလင်းမှုလုပ်ဆောင်ရာတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခြင်းဖြစ်သည်ဟု Lion Battalion Commando ဗျူဟာစစ်ကြောင်းမှ ရဲဘော်တစ်ဦးက ယခုလိုပြောသည်။

” တိုက်ပွဲဖြစ်တော့ သူတို့(စစ်ကောင်စီ)တွေ တပ်ရင်းတပ်နယ်ကို ပြန်ဆုတ်သွားတယ်။ ဆုတ်သွားတဲ့ အတိုင်းအတာမှာတော့ ကျနော်တို့ သေနတ်(၆)လက်ရရှိသွားတယ်။ ထိခိုက်သေဆုံးမှုတော့ အတိအကျမသိရဘူး။ ကျနော်တို့ဘက်က ထိခိုက်မှုမရှိဘူး”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ချောင်းနှစ်ခွ‌ ကျေးရွာအနီးနေရာများတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး လက်နက်ကြီးပစ်ခတ်သံများ‌‌ နေ့စဉ်ကြားနေရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့ဆက်သွယ်ထားသည့် ချောင်းနှစ်ခွတံတားကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း အများအပြားလည်း ဖမ်းဆီးရမိခဲ့သည်။