Home သတင်း စစ်ရှောင်နေသည့် ကော့ကရိတ်မြို့ခံ နေအိမ် ၂ လုံးမီး‌ ‌လောင်ပျက်စီး

စစ်ရှောင်နေသည့် ကော့ကရိတ်မြို့ခံ နေအိမ် ၂ လုံးမီး‌ ‌လောင်ပျက်စီး

591

နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ် (၂)ရပ်ကွက်တွင် ယမန်နေ့ညက စစ်ဘေး တိမ်းရှောင်နေသည့် ပြည်သူနေအိမ်နှစ် လုံးမီး‌လောင်ပျက်စီး သွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားချိန်တွင် ညသန်းခေါင်ယံချိန်ဖြစ်၍ နေအိမ်မီး လောင်ရသည့် အကြောင်းအရင်းကို မသိရှိရဘဲ ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ယခုလို ပြောသည်။

” ထမင်းချက်ပြီး မီးမငြိမ်းလို့ဖြစ်တာလား၊ ရှို့မီးလား၊ လက်နက်ကြီးကျတာလား မသဲကွဲဘူး။ တစ်ချို့ကလက်နက်ကြီးသံကြားရတယ်‌ ပြောတယ်။ ညသန်းခေါင်းယံအချိန်ဖြစ်‌တော့ သူများရှို့တာလား မတွေ့ရတော့ ပြောရခက်တယ်။”ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

အဆိုပါ ရပ်ကွက်အတွင်း နေအိမ်မီးလောင်မှုဖြစ်ပွားချိန်တွင် မတိမ်းရှောင်ဘဲ ကျန်ရှိ နေသည့် အိမ်စောင့်ရပ်ကွက်သားအချို့က ဝိုင်းဝန်းမီးငြိမ်းသတ်သဖြင့် နေအိမ် ၂ လုံးသာ မီးလောင်ပျက်စီးခဲ့ပြီး ရပ်ကွက်သားများ ဝိုင်းဝန်းမီးငြိမ်းမှုမလုပ်ဆောင်လျှင် တစ်ရပ်ကွက်လုံး မီးလောင်ပြာကျနိုင်ကြောင်း မြို့ခံပြည်သူများက ပြောသည်။

ယခုရက်ပိုင်းအတွင်း ကော့ကရိတ်မြို့တွင် တိုက်ပွဲများပိုမိုပြင်းထန်လာမည်ဟု ကောလာဟလ သတင်းကြောင့် မြို့ခံပြည်သူများစုသည် အခြား အရပ်ဒေသများသို့ အများအပြားထွက်ပြေးတိမ်းရှောင်နေကြကြောင်းမြို့ခံပြည်သူများကပြောသည်။

အခြားမြို့ခံတစ်ဦးက “မြို့ခံတွေအလွန်ဆုံး ၃ပုံမှာ ၁ ပုံပဲကျန်တော့ မယ်။ ဆိုင်တွေတောင် အကုန်မဖွင့်ကြတော့ဘူး။ မြဝတီဘက်လား၊ ဖားအံဘက်လား နေရာစုံပြေးကြတယ်။ အိမ်စောင့်ဖို့တစ်ယောက်တစ်လေပဲကျန်တော့တယ်”ဟု ပြောသည်။

ထို့အပြင် မြို့တွင်းတိုက်ပွဲဖြစ်လာနိုင်သည့်‌ ကောလာဟလသတင်းများ ထွက်ပေါ် လာသည့်တချိန်တည်းတွင် စစ်ကောင်စီတပ်ဖွဲ့သည်လည်း လက်နက်ကြီး များရမ်း သမ်းပစ်ခတ်မှုများ လုပ်ဆောင်သည့်အတွက် ရပ်ကွက်နေအရပ်သားပြည်သူများနှင့် နေအိမ်များ ထိခိုက်ပျက်စီးမှုရှိနေကြောင်း ဒေသခံများက ပြောသည်။