နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့တွင် ပြီးခဲ့သည့် အောက်တို ဘာလ ၂၇ ရက်မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ စစ်ကောင်စီတပ်၏ စစ်ကြောင်းနှင့် တပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၄၅ ဦးသေဆုံးခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်၏ ဖိုးချီးမုစခန်းသို့ ရိက္ခာလက်နက်ခဲယမ်းပို့ဆောင်လာသော အင်အား (၁၀၀) ခန့်ရှိသည့် စစ်ကောင်စီ၏ခြေမြန်တပ်ရင်း (ခမရ-၃၅၈၊ ၅၅၈)၊ ခြေလျင်တပ်ရင်း (ခလရ-၅၆၁၊ ၅၅၇) စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဘက်မှ ၃၀ ဦးသေဆုံးခဲ့သည့်အပြင် စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ရဲစခန်း၊ ထွေအုပ်ရုံး၊ လဝကရုံး၊ သစ်တောရုံးနှင့် မီးသတ်ရုံးများကိုပါ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်မှ နောက်ထပ် ၁၁ ဦးထပ်မံသေဆုံးခဲ့သည်ဟု SOF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ နယ်စပ် အထိုင်စခန်းဖြစ်သည့် ကွီလုံတိုင်စစ်စ ခန်းကို KNLA နှင့် SOF ၏ တပ်ဖွဲ့မှူးဦးဆောင်စစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့က ထပ်မံတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီ တပ်ဘက်မှ ၄ ဦးသေဆုံးကာ တပ်ဖွဲ့ဝင်အချို့မှာ စခန်းစွန့်ခွာထွက်ပြေးခဲ့သည်ဟု SOF က ဆိုသည်။
SOF ၏ပြန်ကြားရေးတာဝန်ခံတစ်ဦးက “ကြာအင်းဆိပ်ကြီးမှာတော့ စစ်ကောင်စီရဲ့ဗျူဟာတွေ ခြေလျင်တပ်ရင်း တွေရှိ တယ်ပေါ့နော်။ ခလရ ၂၈၃ အဲ့ဒီတပ်ရင်းတွေရှိတယ်။ အခုကတော့ KNLA ရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့ SOF အဖွဲ့ပါ မယ်။ ကြာအင်းဆိပ်ကြီးနယ်မြေခံပုဏ္ဏကတပ်ဖွဲ့ရဲ့ ရဲဘော်တစ်ချို့ပါတယ်။ ဒရုန်းတပ်ဖွဲ့တွေရော ကျနော်တို့ အကုန်လုံး စုပေါင်းပြီးတော့ စစ်ဆင်ရေးကိုလုပ်တာပေါ့။ စကစဘက်က ထိခိုက်သေဆုံးမှုတွေများတယ်။ စခန်းက နေထွက် ပြေးသွားတာလည်းရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့ နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၄၅ ဦးသေဆုံးပြီး အများအပြားထိခိုက် ဒဏ်ရာ ရရှိသူများရှိခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ရဲဘော်တစ်ချို့ ထိခိုက်သေဆုံးမှုများရှိသည်ဟု SOF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ကေအဲန်ယူတပ်မဟာ ၆ နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နှင့်ကျေးရွာများတွင် KNLA ဦးဆောင်သည့် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်၏ လက်အောက်ခံ ဌာနဆိုင်ရာရုံး အခြေချထားသည့် နေရာများကို နယ်မြေစိုးမိုးထားနိုင်ပြီး အခြေအနေတစ်ရပ်ကြောင့် ပြန်လည်ဆုတ်ခွာခဲ့သည်ဟု SOF ၏ပြန်ကြားရေးတာဝန်ခံက ဖြည့်စွက်ပြောသည်။

“ကျနော်တို့ကတော့ စခန်းသိမ်းတိုက်ပွဲလုပ်တာပေါ့နော်။ ကျနော်တို့လိုချင်တဲ့ Mission တွေရအောင် လုပ်တယ်။ တိုက် ခိုက်တာ ၂ ရက်နေ့မှာဆိုလို့ရှိရင် စကစရဲ့ရုံးတွေရော၊ လမ်းတွေရော အကုန်လုံးကိုစီးနင်းထားပြီးသွားပြီး။ စစ်ကောင် စီကအခြေချပြီးနေတဲ့ ရုံးတွေမှာဆိုလို့ရှိရင် အောက်ဘက်မှာရှိတဲ့ အများအပြားကို ကျနော်တို့ခြေမှုန်းနိုင်တယ်။ တစ်မြို့ လုံးကိုထိန်းချုပ် နိုင်တဲ့အနေအထားအထိ ကျနော်တို့လွှမ်းမိုး ထားနိုင်တယ်။ အဲ့မှာပဲ ကျနော်တို့အခက်အခဲ တစ်ခုကြောင့် ပြန်ဆုတ်ခဲ့တယ်”ဟု ဆိုသည်။
ထိုသို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်၏ ဌာနဆိုင်ရာရုံးများနှင့် စစ်စခန်းနေရာများကို တိုက်ခိုက် ခဲ့ပြီးသည့်နောက် စစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် နီးစပ်သည့်ကျေးရွာများထဲသို့ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ ၁၀ ဦးခန့်ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟုလည်း တော်လှန်ရေး အင်အားစုဘက်က ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီတပ်၏ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးအပိုင်း အားလုံးသည် ယခင် ကလို လည် ပတ်နိုင်ခြင်းမရှိတော့သလို စစ်ကောင်စီတပ်များအခြေချနေထိုင်ထားသည့် တပ်စခန်းနေရာများ၌သာ စိုးရိမ် ကြောက်ရွံ့ မှုဖြင့် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေပြီး ၎င်းပစ်ခတ်မှုကြောင့် နီးစပ်သည့် ကျေးရွာနေပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း တော်လှန်ရေးအင်အားစု ဘက်ကဆိုသည်။
ထို့အတူ ကေအဲန်ယူ ဒူးပလာယာခရိုင်(တပ်မဟာ-၆ နယ်မြေ ) ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခုတ်ခွားစခန်း၊ ကွီလုံတိုင် စခန်း အပြင် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာရုံးနှင့် မြဝတီမြို့နယ်ရှိ ကနဲလေး စစ်ကောင်စီတပ်စခန်းတို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ဝင်ရောက်တိုက်ခိုက်မှုများ လုပ်ဆောင်နေလျက်ရှိသည်။



















