Home သတင်း ကျဆုံးသွားသော ရိုးရာလက်ဝှေ့ချန်ပီယံတူးတူးအား မှတ်တမ်းတင် ဂုဏ်ပြုသည့် Freedom Tattoo Campaign ပြုလုပ်

ကျဆုံးသွားသော ရိုးရာလက်ဝှေ့ချန်ပီယံတူးတူးအား မှတ်တမ်းတင် ဂုဏ်ပြုသည့် Freedom Tattoo Campaign ပြုလုပ်

946

နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီကိုတော်လှန်၍ ကျဆုံးသွားသည့် မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံတူးတူးကို မှတ်တမ်းတင်ဂုဏ်ပြုသည့် Freedom Tattoo Campaign အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကင်(မ်) ဦးဆောင်ပြီး ယနေ့နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ၌ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ Freedom Tattoo Campaign သည် မြန်မာနိုင်ငံအတွင်း နှစ်ဖက်တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင် နေရသည့် စစ်ဘေးရှောင်ပြည်သူနှစ်သန်းကျော်အတွက် အကူအညီအထောက်အပံ့များ ပေးအပ်ကူညီနိုင်ရန်နှင့် စစ်ကောင်စီတပ်၏ ညှဉ်းပန်းနှိပ်စက်မှု၊ မတရားဖမ်းဆီးချုပ်နှောင်ခံထားရမှုကြောင့် ခံစားနေရသည့် နာကျင်မှုများကို ထုတ်ဖော်ပြသလိုသည့်အတွက် ယခုအစီအစဉ်ကို ပြုလုပ်ရခြင်းဖြစ်သည်ဟု ဦးဆောင်စီစဉ်သူတစ်ဦးက ပြောသည်။

၎င်းက “သူတို့(စစ်ကောင်စီ)တွေ တော်တော်လေးကြောက်ပါတယ်။ တက်တူးမှမကပါဘူး၊ နောက်ဆုံး သပြေပန်း လေးကအစသူတို့ အကုန်ကြောက်ကြပါတယ်။ တက်တူးဆရာတွေ ကိုယ်တိုင်က သူတို့နာကျင်ခြင်းတွေကို တက်တူးနဲ့ ပြန်ပြီးပေးဆပ်တာပေါ့။ တက်တူးဆိုတာကလည်း အဲ့လိုမျိုးပဲနာတဲ့အခါကျတော့ စကစကို ကျမတို့က ဒီထက်ပို နာကျင် တယ်။ ကျမတို့ခန္ဓာကိုယ်က တက်တူးသည် တစ်သက်စာပါသွားပြီး။ အဲ့တော့ တစ်သက်စာကျမတို့က အာဏာရှင်ဆိုတာကို နာကျင်တယ်ဆိုတဲ့စိတ်နဲ့ ကျမတို့ပြုလုပ်ရခြင်းဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါတက်တူးကမ်ပိန်းကို နွေဦးတော်လှန်ရေးတွင် ပါဝင်ကြသူ လူဦးရေ ၁၀၀ ကျော်ခန့်လာရောက်ပူးပေါင်းခဲ့ကြပြီး စျေးရောင်းပွဲ၊ မြန်မာအစားစာ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDMများ ရောင်းချသည့် သစ်ရွက်အင်္ကျီ အထည်ပစ္စည်းများအပြင် ကဗျာရွတ်ဆိုပွဲ၊ တော်လှန်ရေးရုပ်ရှင်ဇာတ်လမ်းတိုနှင့် ဂီတမှူးစန္ဒယား မင်းသန့်ဦးစီးသည့်် တော်ဝင်ရိုးရာ မြန်မာတေးဂီတအကအလှသံစဉ်များဖြင့်ဖျော်ဖြေခြင်းတို့လည်း ပြုလုပ်ခဲ့ကြသည်။

အဆိုပါ Freedom Tattoo Campaign တွင် သစ်ရွက်အစစ်ဖြင့်ပြုလုပ်ထားသည့် ECO PRINTY အင်္ကျီ၊ ပုဝါ အထည်လေးများကို လာရောက်ရောင်းချပေးနေသည့် NUG အစိုးရ၏ သယံဇာတနှင့်် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ယခုလို ပြောသည်။

“ကျမတို့တတ်တူး ကမ်ပိန်းမှာ ECO PRINTY အထည်လေးတွေရောင်းတယ်။ Handmade ပစ္စည်းတွေနဲ့ အစား အသောက် တွေရောင်းတဲ့ နေရာမှာပါဝင်ပါတယ်။ ဒီသစ်ရွက်နဲ့လုပ်တဲ့ Handmade ပစ္စည်းတွေကို ဒီပွဲလာတဲ့ သူတွေလည်း သိရှိအောင် လိုဒီပွဲမှာ ပါဝင်ဖြစ်တယ်။ ဒီပစ္စည်းလေးတွေကိုလည်း ရောင်းလို့ရတဲ့ရန်ပုံငွေတွေကိုလည်း ကျမတို့က စစ်ရှောင်စခန်းနဲ့ CDM တွေကို လှူဒါန်းဖို့ရည်ရွယ်ပါတယ်။ ဒါက အမေစုရဲ့သားကင်(မ်)ရဲ့ တတ်တူးကမ်ပိန်း ဖြစ်တယ်။ ဒီလာအားပေးတဲ့ သူတွေကို ပါဝင်ပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်”ဟု ပြောသည်။

Freedom Tattoo Campaign အစီအစဉ်သို့ ပါဝင်တက်ရောက်သူတစ်ဦးကလည်း “လက်ဝှေ့သမား တူးတူးသေဆုံး သွားတဲ့သတင်းကို ကျနော်တို့ ကြားရတယ်။ ကျနော်တို့သိရတာက သူစစ်ကြောရေးမှာနှိပ်စက်ခံရတယ်။ သူကလည်း ဒီတော်လှန်ရေးလုပ်တဲ့အတွက်ကြောင့်မို့လို့ အဖမ်းခံရတယ်။ ဒီကမ်ပိန်းတွေ လုပ်တာကို ကျနော့်အနေနဲ့ကတော့ လိုအပ် တယ်လို့ မြင်တယ်။ တက်တူးထိုးတဲ့ကမ်ပိန်းပွဲကိုလာတဲ့အချိန်မှာ ဝင်ဝင်ချင်းခွန်အားတွေရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီထဲမှာပါဝင်နေကြတဲ့သူတွေကလည်း ကိုယ်နဲ့ရင်ဘတ်ချင်းတူကြလို့ ပြန်ပြီးတွေ့ကြရတယ်။ ” ဟု ကေအိုင်စီ သို့ ပြောသည်။

မြန်မာရိုးရာလက်ဝှေ့ချန်ပီယံတူးတူးသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလပိုင်းတွင် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စကုမြို့နယ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးချုပ်နှောင်ခြင်းကိုခံခဲ့ရပြီးနောက် စစ်ကြောရေးတွင် အသက် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။