Home သတင်း ဖမ်းမိထားသည့် လေယာဉ်မှူးကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ကရင်နီကြားကာလအုပ်ချုပ်ရေး ကောင်စီထုတ်ပြန်

ဖမ်းမိထားသည့် လေယာဉ်မှူးကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ကရင်နီကြားကာလအုပ်ချုပ်ရေး ကောင်စီထုတ်ပြန်

839
Photo: IEC

နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုံ တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ပျက်ကျသွားသော ဂျက်လေ ယာဉ်မှ ဖမ်းဆီးရမိသည့် စစ်ကောင်စီလေယာဉ်မှူးကို ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC က နိုဝင်ဘာလ ၂၁ရက်၊ ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ တန်ပြန်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလေတပ်၏ K-8W အမျိုးအစားလေယာဉ်တစ်စင်းကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပျက်ကျကာ ထွက်ပြေးလွတ်မြောက်ခဲ့ သည့် လေယာဉ်မှူး (၂)ဦးအနက်တစ်ဦးကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကရင်နှင့် ကရင်နီနယ်စပ်တနေရာ ဖမ်းဆီးရမိထားခြင်းဖြစ်သည်။

ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ -IEC အထွေထွေအတွင်းရေးမှူး ခူပလူးရယ်က “လေယာဉ်မှူးက သူ့ကိုလုံခြုံတဲ့နေရာမှာ ထားထားတယ်။ ကျန်းကျန်းမာမာရှိတယ်။ ဆိုတော့ ဒီအ ကြောင်းအရာကို ပြောတဲ့အခါကျရင် သက်ဆိုင်ရာတရားစီရင်ရေး တရားရုံးက တရားဥပဒေနဲ့အညီ သူတို့ ထုတ်ပြန်ပြီးတော့မှ ဘယ်လိုအရေးယူမလဲဆိုရင် နောက်ဆက်တွဲ ဆောင်ရွက်ပါလိမ့်မယ်။ ကျနော့်အနေနဲ့ ဒီလောက်ပဲပြောနိုင်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

နိုဝင်ဘာလ (၁၉)နေ့က ဖမ်းဆီးရမိသည့် စစ်ကောင်စီ လေယာဉ်မှူးမှာ ဗိုလ်မှူးခိုင်သန့်မိုး (ကိုယ် ပိုင်အမှတ်(လေ) ၂၈၅၃) တောင်ငူလေတပ်မှဖြစ်ပြီး တွဲဖက်လေယာဉ်မှူးဖြစ်သူ ဗိုလ်ဇာနည်မောင်မှာ လွတ်မြောက်နေဆဲဖြစ်၍ ဖမ်းဆီးရမိရေးအတွက် ရှာဖွေဆောင်ရွက်နေဆဲဖြစ်ကြောင်းလည်း IEC က ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်အတွင်း စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် နိုဝင်ဘာလ (၁၁)ရက်နေ့တွင် စတင်သည့် တစ်လေးလုံး(၁၁၁၁) စစ်ဆင်ရေးကို နိုဝင်ဘာလ (၁၇)ရက်နေ့အထိ တစ်ပတ်အတွင်း စစ်ကောင်စီ ဘက်မှ ကရင်နီပြည်နယ်ထဲသို့ လေကြောင်းတိုက်ခိုက်မှုပေါင်း (၁၇၆)ကြိမ်ရှိပြီး အရပ်သားပြည်သူ အယောက် (၇၀) ကျော်သေဆုံးခဲ့ရကြောင်း IEC အထွေထွေအတွင်းရေးမှူးက ပြောသည်။

ထို့အပြင် ကရင်နီပြည်နယ်၏မြို့တော် လွိုင်ကော်တွင် လက်ရှိစစ်ကောင်စီအုပ်ချုပ်ရေးယန္တရားအားလုံး နီးပါးရပ်တန့်သွားပြီးဖြစ်သလို နေရာတချို့ကိုသာ စစ်ကောင်စီဘက်မှ အခိုင်အမာနေရာယူထားပြီး မြို့တွင်း မြို့ပြင်များဘက်သို့ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းပစ်ခတ်မှု ဆက်ရှိနေဆဲဖြစ် ကြောင်းလည်း ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီထံမှ သိရသည်။

လွိုင်ကော်မြို့တွင်း၊ မြို့ပြင်နေရာများတွင် တိုက်ပွဲဖြစ်ပွားမှုရှိပြီးနောက် ဒီးမော့ဆို၊ မိုးဗြဲ၊ ဖရူဆို အရှေ့၊ အနောက်နေရာများတွင် တိုက်ပွဲဖြစ်ပွားမှု နည်းပါးလာသော်လည်း စစ်ကောင်စီဘက်မှ လက်နက်ကြီး နှင့် လေကြောင်းပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်သည့်အတွက် တစ်လေးလုံးစစ်ဆင်ရေး စတင်ပြီးနောက်တွင် ကရင်နီပြည်နယ်အတွင်း စစ်ရှောင်လေးသောင်းကျော် ထပ်မံတိုးများလာကြောင်း ဒေသအခြေစိုက် သတင်းမီဒီယာများ၏ ဖော်ပြချက်ရ သိရသည်။