နိုဝင်ဘာလ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကျောင်းသားတပ်မတော်(ABSDF) တည်ထောင်ခြင်း (၃၅)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ဆယ့်နှစ်ကြိမ်မြောက် ညီလာခံအဖွင့်ပွဲကို အွန်လိုင်းအစီအစဥ်ဖြင့် ယနေ့ နိုဝင်ဘာလ(၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကရင်အမျိုးသားအစည်းအရုံး-KNU ၏ အထွေအထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းနှင့် ဗဟိုအမြဲတမ်း ကော်မတီဝင် ပဒိုစောသမိန်ထွန်း တို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ABSDF ၏ (၃၅) နှစ်တိုင်တိုင် ဖြတ်သန်းခဲ့ရသည့် ခံယူချက်ပြည့်ဝမှု၊ တော်လှန် စိတ်ထားဖြင် ရဲရင့်မှု၊ ပေးဆပ်အနစ်နာခံမှုများသည် ယနေ့ကျရောက်သည့် မွေးနေ့နှစ်ပတ်လည်နှင့် (၁၂)ကြိမ်မြောက်ညီလာခံနှင့်အတူ ရှေ့ဆက်တိုက်ပွဲဝင်ရန် ခွန်အားယူရမည့် ဖြတ်သန်းမှုများဖြစ် ကြောင်း KNU ကိုယ်စားဂုဏ်ပြုအမှာ စကားပြောကြားရာတွင် ပဒိုစောလှထွန်းက ယခုလိုပြောသည်။
“ABSDF က (၃၅)နှစ်တိုင် အသက်သွေးချွေး၊ ခန္ဓာတွေ ပေးဆပ်ခဲ့ကြတဲ့ရဲဘော်တွေကို အလေးပြု မှတ်တမ်းတင်ပါတယ်။ ABSDF ဟာ ရှေ့ဆက်တည်ဆောက်မယ့် ဖက်ဒရယ်ပြည်ထောင်စုအတွက် အရေးပါတဲ့ နွေဦးတော်လှန်ရေး ဖြစ်တည်မှုကို ဦးဆောင်ပေးတဲ့ မော်ကွန်းတင်အဖွဲ့အစည်းတစ်ခုပါ။ (၈၈) မျိုးဆက်က တွန်းလှန်မှုတွေဟာ အခုအချိန်မှာ အတုယူနေရတာဖြစ်တယ်။ ဒီညီလာခံကနေ မှန်ကန်ကောင်းမွန်တဲ့ ခေါင်းဆောင်ကြီးများ ရွေးချယ်နိုင်ပြီးတော့ ရှေ့ဆက် ကျနော်တို့ အာဏာရှင် ချုပ်ငြိမ်းရေးအတူတကွတိုက်ပွဲဝင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်” ဟု ပဒိုစောလှန်ထွန်းက အခမ်းအနားတွင် ပြောကြားခဲ့သည်။
ထို့အပြင် ABSDF အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် လက်ရှိ ရှုပ်ထွေးနေ သောနိုင်ငံရေးအား သိမ်မွေ့စွာ စဥ်းစားတွေးခေါ်ရန်နှင့် ပြတ်သားမှုရှိရန် လိုအပ်သလို ရန်သူစစ် အုပ်စု၏ သပ်လျှိုဖြိုခွဲမှုကို သတိထားရမည်ဟုလည်း ပဒိုစောသမိန်ထွန်းကလည်း အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောဆိုသည်။
ပဒိုစောသမိန်ထွန်းက “ABSDF ကတော့ ကျနော်တို့နဲ့တောက်လျှောက် လက်တွဲလာတဲ့ သံမဏိစိတ် ဓာတ်ပိုင်ရှင်တွေပဲ ဒီစိတ်ဓာတ်က နွေဦးတော်လှန်ရေးမှာ တွန်းအားဖြစ် စေတယ်။ တစ်ခုက ရန်သူ ဟာ အင်မတန်ကောက်ကျစ်တယ်။ သပ်လျှိုဖြိုခွဲတတ်တယ် ။ နည်းပရိယာယ်က အရမ်းသိမ်မွေ့ တယ်ဆိုတာ သတိထားရမယ်။ ဒီကနေ့မှာ စစ်အာ ဏာရှင်ချုပ်ငြိမ်းဖို့ ကျနော်တို့ ရန်သူကိုနည်း အောင်လုပ်ရမယ်။ ကျယ်ပြန့်တဲ့ တော်လှန်ရေးအင်အားစုတွေဖွဲ့ရမယ်။ မြောက်ပိုင်းဒေသက လှုပ်ရှားမှုကနေ တပြည်လုံးကို ဆက်သွယ်သွားအောင် လုပ်ဖို့အရေးကြီးတယ်” ဟု ပဒို စောသမိန် ထွန်းက အမှာစကားပြောသည်။
ယနေ့ နံနက်ပိုင်းက ပြုလုပ်ကျင်းပခဲ့သည့် အဆိုပါအခမ်းအနားတွင် ABSDF ၏ ဥက္ကဋ္ဌမှ အဖွင့်အမှာ စကားပြောကြားပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ယာယီ သမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ-CRPH ၏ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ-NUCC၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ-PNFC မှ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းနှင့် နိုင်ငံရေးအကျဥ်းသားများ စောင့်ရှောက်ရေးအသင်းတို့မှ ဂုဏ်ပြုအမှာစကားများ အသီးသီး ပြောကြားခဲ့သည်။
ထို့နောက် ABSDF မှ တာဝန်ရှိသူများက နှစ်ပတ်လည်နေ့နှင့်ညီလာခံအဖွင့်ပွဲသို့ ပေးပို့လာသော အဖွဲ့အစည်းအသီးသီး၏သဝဏ်လွှာများကို ဖတ်ကြားခြင်း၊ တက်ရောက် လာသူများအား ကျေးဇူး တင်စကားများပြောကြားပြီးနောက် အခမ်းအနားပြီး ဆုံးကြောင်းကြေညာခဲ့သည်။
အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးအဖွဲ့အစည်းများအပါအဝင် (၈၈) ကျောင်း သားမျိုးဆက်များ၊ ကျောင်းသားဟောင်းများ၊ မီဒီယာများ၊ ABSDF ၏ တာဝန်ရှိသူများနှင့် ရဲဘော်များ အပါအဝင် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း လူပရိသတ် (၉၀)ဦးထက်မနည်း တက်ရောက်ဂုဏ်ပြုခဲ့ကြသလို ယနေ့နေ့လည်ပိုင်းတွင်လည်း (၁၂)ကြိမ်မြောက် ညီလာခံအား ဆက်လက်ကျင်း ပလျက်ရှိသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF ကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ စစ်တပ်ကို ဆန့်ကျင်တော်လှန်ကြသော ကျောင်းသားမျိုးဆက်များဖြင့် (၁၉၈၈) ခုနှစ်၊ နိုဝင်ဘာလ(၁) ရက်နေ့တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ရာ စစ်အစိုးရ၏ မတရားအသင်းအဖြစ် သတ်မှတ်ခံခဲ့ရ သည်။
၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် မတရားအသင်းအဖြစ်မှ ပယ်ဖျက်ခံရပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းကာ နိုင်ငံအဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်-NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သော်လည်း (၂၀၂၁)ခုနှစ် စစ်ကောင်စီမှ အာဏာထပ်မံသိမ်းယူခဲ့ပြီး နောက် စစ်တပ်နှင့်ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ တက်ရောက်ခြင်းမရှိတော့ဘဲ NCA ပျက်ပြယ်ကြောင်း ထုတ်ပြန်ကြေညာ၍ လက်ရှိအချိန်ထိ အာဏာရှင်ချုပ်ငြိမ်းရေး KNU နှင့်ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိသည်။



















