နိုင်ဝင်ဘာလ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ တပ်မဟာ(၃)နယ်မြေ၊ ကျောက် ကြီးမြို့နယ်အတွင်း ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့က စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် (၂) ဦးအပါအဝင်း အရပ်သား(၈) ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ခရိုင်တာဝန်ရှိသူများက ပြောသည်။
အောက်တိုဘာလ (၃၀)ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်ခြေလျင်တပ်ရင်း(ခလရ-၂၆၄) မှ (၁၂၀ မမ) လက်နက်ကြီး(၂)လုံး ရမ်းသမ်းပစ်ခတ်မှုကြောင့် တောင်ခင်ကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ကာ တောင်ခင်ခြေရွာနေ ကျေးရွာအတွင်းရှိ (၁၃) နှစ်အရွယ် မအိရွှေစင်နှင့် (၁၈) နှစ်အရွယ် မသွန်း ရွှေစင်ညီအစ်မနှစ်ဦးအပါအဝင် အသက် (၅၅)နှစ်အရွယ် မသေးသေး၊ (၅၈)နှစ်အရွယ် ဦးထွေးတင်တို့မှာ လက် နက်ကြီးကျည်စထိမှန်ခဲ့ကြောင်း ခလယ်လွီထူခရိုင် အတွင်းရေးမှူး ပဒိုစောကနဲထူးဗြိုင်းက ပြောသည်။
ပဒိုစောနဲထူးဗြိုင်းက “ပြီးခဲ့တဲ့ရက် (၃၀) က ညနေ သုံးနာရီခွဲမှာ ခလရ-၂၆၄ ကနေပြီးတော့မှ လက်နက်ကြီးပစ်တော့ ရွာသားလေးယောက်ထိခိုက်သွားတယ်။ အခုလက်ရှိမှာတော့ ရွာသား၏တွေ ဒဏ်ရာကတော့ မစိုးရိမ်ရဘူး။ စစ်တပ်က ပြည်သူတွေကို အဓိက ပစ်မှတ်ထားပြီး လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတာ။” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အောက်တိုဘာ (၃၀)ရက်နေ့ည (၈) နာရီအချိန်ဝန်းကျင်တွင်လည်း ညောင်လေးပင်းစခန်းနှင့် လေဆူမုန်တိုင်းစခန်းရှိ စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ-၂၀)က (၁၂၂ မမ) လက်နက်ကြီးနှင့် (၈၁ မမ) လက်နက်ကြီးကျည်စုစုပေါင်း (၁၉)လုံးကို ထပ်မံပစ်ခတ်သောကြောင့် ပျဉ်ရေကြီးကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ ရေဖြူကန်ကျေးရွာ၊ ကောက်မဲ့သူ ရော်ဘာခြံ၊ ညောင်ပင်ကြီးကျေးရွာနှင့် မီးလောင်ကုန်းကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။
အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရေဖြူကန်ကျေးရွာမှ အသက် တစ်နှစ်ခွဲအရွယ် မောင်မင်းခန့်ဇော်၊ (၃) နှစ်အရွယ် မယွန်း ယွန်း၊ (၂၈)နှစ်အရွယ် မခင်မိုးဝေနှင့် (၂၇) နှစ်အရွယ် ရန်ဝင်းအောင်တို့မှာ အသီးသီးလက်နက်ကြီးကျည်စထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၃၀) ရက်နေ့ကလည်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO အမှတ်(၃)တပ်ရင်းမှ ကျောက်ကြီးမြို့နှင့်နတ်သံကွင်း ဒေသအတွင်းရှိ စစ်ကောင်စီတပ်၏ အုပ်ချုပ်ရေး ယန္တရားများနှင့် ပတ်သက်သည်များကို လုပ်ဆောင်နေသည့် မည်သူမဆို ရပ်စဲရန် ထုတ်ပြန်ထား သောကြောင့် တိုက်ပွဲများ ပိုမိုဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ စတင်၍ အောက်တိုဘာလကုန်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လေကြောင်းတိုက်ခိုက်မှု (၁၀၃)ကြိမ်နှင့် လက်နက်ကြီးအကြိမ်ရေ ၃၀၀ ခန့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီး အလုံးပေါင်း(၁,၅၀၀)ထိရှိခဲ့ကြောင်း၊ အဆိုပါ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ (၇၈)ဦး ထိခိုက်ဒဏ်ရာရရှိကာ၊ ၁၈ ဦးသေဆုံးခဲ့ပြီး အရပ်သားနေအိမ်(၇၉)လုံးပျက်စီးခဲ့ကြောင်း ကေအဲန်ယူ ညောင်လေးပင်ခရိုင်၏ စာရင်းပြုစုထားမှုအရ သိရသည်။



















