Home သတင်း သထုံခရိုင်အတွင်း ကျေးရွာ ၂၄ ရွာမှ ဒေသခံပြည်သူများထံ BGF ငွေကြေးတောင်းခံမှုပြုလုပ်

သထုံခရိုင်အတွင်း ကျေးရွာ ၂၄ ရွာမှ ဒေသခံပြည်သူများထံ BGF ငွေကြေးတောင်းခံမှုပြုလုပ်

756
Photo: Crd.

နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ တပ်မဟာ ၁ နယ်မြေ ဖားအံမြို့နယ်အတွင်းရှိ ကျေးရွာ ၂၄ ရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေက နယ်ခြာစောင့်တပ် BGF ၁၀၁၄ တပ်ရင်း လက်အောက်ခံ တပ်ခွဲမှူး-ဗိုလ်တင်ဝင်းမှ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း ကေအဲန်ယူ ဗဟိုက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

မိတ္ထီလာတပ်စခန်းရှိ BGF တပ်ခွဲမှူး-ဗိုလ်တင်ဝင်းသည် ဝဲပျံကျေးနယ်နှင့် တကောင်ဘိုးကျေးနယ်ရှိ ကျေးရွာများမှ ရွာလူကြီးများကို ခေါ်ယူတွေ့ဆုံကာ စခန်းအတွင်းရှိ စေတီတော်ကို သိမ်တင်ရန် အတွက်ဆိုကာ ကျေးရွာပေါင်း ၂၄ ရွာမှ ဒေသခံပြည်သူများထံ ငွေကြေးစုစုပေါင်း (တစ်ရာကိုး ဆယ့်လေးသိန်း)ကို အတင်းအဓမ္မတောင်းရမ်းရယူခဲ့သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

BGF တပ် ငွေကြေးအဓမ္မတောင်းရမ်းခြင်းခံခဲ့ရသည့် ကျေးရွာများမှာ ဝဲပျံကျေးနယ်အုပ်စုရှိ ဝဲပျံရွာ ပေပင်ဆိပ်ရွာ၊ ဘုရားဆိပ်ရွာ၊ မိတ္ထီလာရွာ၊ မီးဇိုင်းရွာ၊ ဖားဘော်ရွာ၊ မီးဇိုင်းတောင်ခြေရွာ၊ တုက်ကြီးရွာ၊ တကောင်ဘိုး ကျေးနယ်အုပ်စုရှိ တကောင်ဘိုးရွာ၊ ကုန်းတန်းကြီးရွာ၊ မီးပုံးရွာ၊ ဘောသပြုရွာ ၊ ဂျိုး ပင်ဆိပ်ရွာ၊ နိုးကွားရွာ၊ မဲလံရွာ၊ မဲလံချောင်းဝရွာ၊ ထီးဖိုးနက်ရွာ၊ နော်သရေးရွာ၊ ကွီးသခေ့ါရွာ ၊ လာခဲ့ ခေါ်ရွာ၊ စိမ့်ချောင်းရွာ၊ လက်ပံတန်းရွာ၊ ဝဲပျံချောင်းဝရွာ၊ မြိုင်ရွာတို့ဖြစ်ကြပြီး တစ်ရွာကို ကျပ် ၂ သိန်းမှ ၁၃ သိမ်းအထိ တောင်းခံခဲ့သည်ဟု KNU က ဖော်ပြထားသည်။

အဆိုပါ ဒေသခံပြည်သူများထံ ငွေကြေးတောင်းခံမှုနှင့်ပတ်သက်ပြီး BGF ၁၀၁၄ တပ်ရင်းမှ တပ်ခွဲမှူး-ဗိုလ်တင်ဝင်းအား ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်သွယ်မေးမြန်း၍ မရရှိသေးပေ။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၂ ရက်ကလည်း ဖားအံမြို့နယ်၊ တံတားဦး၊ ညောင်ကုန်း၊ ဝဲပျံ ကျေးရွာဘက်တွင် ဗိုလ်တင်၀င်းဦးစီး BGF တပ်များက ဒေသခံများအား ဖမ်းဆီးခေါ် ဆောင်ပြီး တိုက်ပွဲ ဖြစ်နေသည့် ၀င်းတာပန် ၊ လေးကေရွာများဘက်သို့ ပေါ်တာခိုင်းစေခြင်း၊ စစ်သားစုဆောင်းခြင်း၊ ငွေကြေးကောက်ခံ ခြင်းများလုပ်ဆောင်ခဲ့သေးသည်ဟု ဒေသခံသတင်းအရင်း အမြစ်များထံမှ သိရသည်။