Home သတင်း ညောင်လေးပင်ခရိုင်အတွင်း သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ကလေးငယ် ၃ ဦးအပါအဝင် ၈ ဦး ဒဏ်ရာရ

ညောင်လေးပင်ခရိုင်အတွင်း သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ကလေးငယ် ၃ ဦးအပါအဝင် ၈ ဦး ဒဏ်ရာရ

982

နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်/တပ်မဟာ (၃)နယ်မြေ၊ မူး(မုန်း)မြို့နယ်နှင့် ကျောက် ကြီးမြို့နယ်အတွင်း နိုဝင်ဘာလ(၂၁)ရက်မှ နိုဝင်ဘာလ(၂၃)ရက် ယနေ့အထိ စစ်ကောင်စီက သုံးရက် ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်သဖြင့် ကလေးငယ်(၃)ဦးအပါအဝင် အရပ်သား(၈)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၂၁)ရက်နေ့က မူးမြို့နယ်၊ ငနွားဆိပ်ကျေးရွာတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲမရှိဘဲ စစ် တပ်၏ လေကြောင်းသုံးတိုက်ခိုက်ခဲ့မှုကြောင့် ရွာနေဒေသခံ အသက်(၁၀)နှစ်အောက် ကလေးငယ်(၂)ဦး၊ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထိုအပြင် ယနေ့ထပ်မံဖြစ်ပွားသည့် လေကြောင်း ပစ်ခတ်မှုတွင်လည်း ကျောက်ကြီးမြို့နယ် တောင်ကြောင် ပေါက်ကျေးရွာနေ အသက်(၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီး(၃)ဦးတို့မှာ ကျည်စထိမှန် ဒဏ်ရာများရရှိခဲ့သည်ဟု ကျောက်ကြီးမြို့နယ်နေ ဒေသခံ အမျိုးသားတစ်ဦးက ယခုလို ပြောသည်။

“ဒီမှာလေယာဥ်လာကြဲတာ သုံးရက်ဆက်တိုက်ဖြစ်နေပြီ ဒီနေ့လာတဲ့လေယာဥ်က ကျနော်တို့ခေါင်းပေါ်ကနေ အခုလေးတင်ဖြတ်သွားတာ တောကြောင်ပေါက်ရွာမဘက်က လက်လုပ်လက်စား အမျိုးသမီး(၃)ယောက်နဲ့ ကလေးတစ်ယောက်ထိတယ်။ ကလေးကတော့ ဒဏ်ရာရတာပြင်းတယ်ကြားတယ်။ ဘာတိုက်ပွဲမှမဖြစ်ဘူး။ အသားလွတ်လာပစ်ချသွားတာ။”ဟု ကေအိုင်စီသို့ ပြောသည်။

နိုဝင်ဘာလ(၂၂)ရက်၊ ယမန်နေ့တွင်လည်း စစ်ကောင်စီက မူးမြို့နယ်၊ ရေလဲကျေးရွာ ဆေးပေးခန်းနှင့် ကားလမ်းတစ်လျှောက်အား လေကြောင်းမှပစ်ခတ်ခဲ့သဖြင့် ဘုရားကျောင်းနှင့်မူကြိုကျောင်းကျည်ထိမှန် ပျက်စီးကာ အနီးရှိ နေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများနှင့် ကေအဲန်ယူ၏ ထုတ်ပြန်ပြော ဆိုမှုအရ သိရသည်။

ဒေသခံတစ်ဦးက “ရေလဲတို့ ငနွားဆိပ်တို့ဆိုတာက အတန်းလိုက်ရှိနေတဲ့ရွာတွေပဲ (၂၂)ရက်နေ့က ရေလဲမှာ လာပစ်ချတဲ့ဗုံးတွေမှာ မီးလောင်ဗုံးတွေပဲပါတယ်လို့လည်း ကြားတယ်။ ဘုရားကျောင်းဘေးကအိမ်က လုံးဝကို ပြာကျသွားတာ။ သူ့ဘေးကအိမ်တွေကတော့ မီးစွဲရုံလောက်ပေါ့။ မီးလောင်တဲ့အချိန်လူတွေရှိတယ် မထိလို့ သာ၊ အခုလည်း ဖြစ်တဲ့ရွာတွေမှာ လူတွေနေနေကြတုန်းပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၁၆)ရက်နှင့်(၂၀)ရက်နေ့တို့တွင်လည်း ကျောက်ကြီးမြို့နယ် သဲကုန်းနှင့် သမင် အင်းကုန်းကျေးရွာသို့ စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ဒေသခံပိုင် နေအိမ်(၁)လုံး ကျည်ထိမှန်ပျက်စီးခဲ့သေးသည်ဟု သိရသည်။

နိုဝင်ဘာလ(၁၆)ရက်မှ ယနေ့အထိ ညောင်လေးပင်ခရိုင်ရှိ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ စစ်တပ်၏လေကြောင်းသုံးတိုက်ခိုက်မှု အကြိမ်ရေ(၂၀)ထက်မနည်းရှိနေပြီး ထိုတိုက်ခိုက်မှုများအတွင်း စက်သေနတ်များအပါအဝင် ပေါင်(၅၀၀)ဗုံးအသုံးပြုပစ်ခတ်မှုများလည်း ပါဝင်နေကြောင်း ကေအဲန်ယူ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။