နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
လက်ရှိနိုင်ငံရေးအခြေအနေအပေါ် အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးရမည့် အချိန် မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က နိုဝင်ဘာလ(၂၅)ရက်၊ ယမန်နေ့တွင် ကြေညာထုတ်ပြန်ကာ ပြောဆိုလိုက်သည်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် နိုဝင်ဘာလ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ ကျင်းပခဲ့သည့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခအရေးနှင့် အကြမ်းဖက်မှုများကို လျှော့ချနိုင် ရေးအ တွက်တွေ့ဆုံမှုတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဒီမိုကရေစီ အရေး လိုလားသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတတ်ရောက်ခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အပေါ် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)အနေဖြင့် တရားမဝင်အကြမ်းဖက်စစ်အုပ်စု၏ ကိုယ်စားလှယ်များအပါအဝင် မည်သူနှင့်မျှ၊ မည်သည့် နေရာ၊ မည်သည့်အချိန်တွင် တွေ့ဆုံဆက်ဆံခြင်း (လုံးဝ) မရှိကြောင်း နိုဝင်ဘာလ(၂၅)ရက်၊ ယမန်နေ့တွင် ကြေညာချက်ထုတ်ပြန်ကာ ပြောဆိုလိုက်သည်။
“ ကျနော်တို့ နိုင်ငံခြားရေးဌာနအနေနဲ့လည်း ထုတ်ပြန်ချက်မှာ ထုတ်ပြန်ထားပြီးဖြစ်တယ်။ ဒီကိစ္စနဲ့ပက်သက်ပြီးတော့ (NUG)က ကိုယ်စားလှယ်တွေ အနေနဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ဘယ်လိုကိုယ်စားလှယ်တွေနဲ့မှ တွေ့ဆုံခဲ့ခြင်းမရှိပါဘူး။ အခုအချိန်ဟာ တွေ့ဆုံဆွေး နွေးရမယ့် အချိန်မဟုတ်ပါဘူး။ ဒီဂျာကာတာမှာပြုလုပ်တဲ့ ဆွေးနွေးပွဲဆိုတာကလည်း ပုံမှန်အင်ဒိုနီးရှား Special Envoy ရုံးနဲ့တွေ့ဆုံပြီး သဘောထားအမြင်တွေဖလှယ်ကြတဲ့ ဆွေးနွေးပွဲပဲ ဖြစ်ပါတယ်။ NUG နိုင်ငံခြားရေးရဲ့ အာဆီယံကိုယ်စားလှယ်တစ်ဦးတက်ရောက်ခဲ့ပြီး မဟာမိတ်များနဲ့ ညှိနှိုင်းသဘောတူထားတဲ့ ရပ်တည်ချက် တွေကိုပဲ ဆွေးနွေးခဲ့တာရှိပါတယ်။”ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ကေအိုင်စီသို့ပြောသည်။
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် အာဆီယံမှတွေ့ဆုံမှု ပြုလုပ်ရန် တိုက်တွန်းသည့် အချိန်တိုင်း စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး အာမခံ ချက်မရှိဘဲ၊ ပြည်သူ့သဘောထားကို အခြေမခံဘဲ၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ မဟာမိတ်များ၏ သဘော ဆန္ဒမပါဘဲ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအား အပြည့်အဝ မကျင့်သုံးနိုင်သည့် အခြေအနေအပေါ် အာမခံချက်မရှိသည့် မည်သည့်ဆွေးနွေးမှုကိုမျှ ပြုလုပ်ရန် အလျဉ်းမရှိကြောင်း (NUG)က ထုတ်ပြန်ပြောဆိုထားသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်နှင့် ကြိုးစားချက်များသည် မှန်ကန်သော်လည်း တော်လှန်ရေးအင်အား စုများ အနေဖြင့် စစ်ကောင်စီ ကိုယ်စားလှယ်နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ခြင်းမဟုတ်ဘဲ အကြောင်းချင်းရာများကို ချဉ်းကပ်ပြောဆိုသည့် အဆင့်သာရှိသေးကြောင်း ကေအိုင်စီသို့ ပြောသည်။
ပဒိုစောတောနီးက “နိုင်ငံခြားဌာန ထုတ်ပြန်ချက်က ဘာတွေသွားမြင်ရလဲဆိုတော့ အခုသွားရောက်တွေ့ဆုံကြတဲ့ အဖွဲ့ထဲမှာ အကောင်းမြင်လွန်းအားကြီးပြီးတော့မကြာသောအခါမှာ ဒီ Inclusive Dialogue ဖြစ်တော့ မယ်ဆိုတော့ ဒါက လုံးဝမဖြစ်နိုင်ဘူးလေ။ ဒီနေ့ဒီကာလမှာ တွေ့နေရတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေက ဘာမှ ခွင့်လွှတ်နိုင်စရာအကြောင်းမရှိဘူး။ လက်ခံနိုင်စရာ တစ်ခုမှမရှိသေးဘူး။ ဒါကိုတော့ ပထမဦးဆုံး ဒီစစ် ကောင်စီကို မပြုတ်ပြုတ်အောင် ကျနော်တို့ တိုက်ရမယ်။ ပြီးမှ စကားပြောစရာရှိတာ နောက်မှပြော။ ရှင်းရှင်း ပြောမယ်ဗျာ ကျနော်တို့ ရှေ့မှာ ဒူးထောက်လာမှ ကျနော်တို့ စကားပြောမယ်”ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား ထိတွေ့တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘက်မှ တပ်စခန်း ရာချီဆုံးရှုံးထားသည်ဟု ထုတ်ပြန်ချက်များအရ သိရှိရသည်။
ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းအရ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ဦးရေ စုစုပေါင်း ၂ သန်းနီးပါးအထိ ရှိလာပြီး တိုက်ပွဲများပြင်းထန်မှုနှင့်အတူ လူသားချင်းစာနာမှုအကူအညီအရေးပေါ် လိုအပ်ချက်ရှိကြောင်း ထုတ်ပြန်ထားသည်။



















