နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ အံဖလေးကျေးရွာအတွင်း ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သာမဏေ ၂ ပါးထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ရွာသားများက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်များသည် အံဖလေးကျေး ရွာဘုန်း ကြီးကျောင်းဝင်းအတွင်းသို့ ၄ လုံးကျရောက်ပေါက်ကွဲသည့်အတွက် သာမဏေနှစ်ပါးဖြစ်သည့် သက်တော် ၁၆ နှစ်ရှိ ရှင်ဣန္ဒြိယမှာ ဘယ်ဘက်ခြေသလုံး ထိမှန်ပြီး သက်တော် ၁၄နှစ်ရှိ ရှင်ထေရိဒ္ဒမှာ ညာဘက် ပေါင်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ရွာသားများက ပြောသည်။
အမည်ဖော်လိုသူ ရွာသားတစ်ဦးက “စစ်ကောင်စီက ပစ်လိုက်တဲ့လက်နက်ကြီးကျည်က အံဖလေးဘုန်ကြီး ကျောင်းဝင်းထဲမှာ ၄ လုံးကျတော့ ကိုရင်နှစ်ပါးထိသွားတယ်။ ဘုန်းကြီးကျောင်းမှာက ဘာမရှိဘူး။ သူတို့(စကစ)တွေ ရမ်းသမ်းပစ်တာသက်သက်ပဲ”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ လက်နက်ကြီးပစ်ခတ်မှုမှာ ကော့ကရိတ်မြို့အနီး လှိုင်ဝကျေးရွာအခြေစိုက် အမြှောက်တပ်-အမတ (၃၁၂) က ပစ်ထုတ်လိုက်ခြင်းဖြစ်ကြောင်း ကေအဲန်ယူ-ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုနှင့်ပတ်သက်၍ ကော့ကရိတ်မြို့နယ် အရေး ပေါ်ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း “လက်နက်ကြီးရမ်း သမ်းပစ်ခတ် တော့ ထိတာပေါ့။ လုပ်တာလမ်းကြောင်းမမှန်ဘူး။ ပြည်သူက စစ်ကောင်စီ တပ်တက်လာရင်ပြေးမယ်။ ဒီဘက်အဖွဲ့လာရင်ပြေးမယ်။ သတိနဲ့နေလို့ရတယ်။ ယခုက အဲလိုမဟုတ်ဘူး ၊ ရမ်းသမ်းပြီးပစ်နေတယ်”ဟု ပြောသည်။
လက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ကော့ကရိတ်မြို့ပတ်ပတ်လည်တွင် ခြေကုပ်ယူထားပြီး မြို့တွင်းတိုက်ပွဲများ ဖော်ဆောင်လာနိုင်သဖြင့် မြို့ခံပြည်သူများအားလုံးနီး ပါးထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။



















