နိုဝင်ဘာလ ၅ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၁) ရပ်ကွက်၊ ရှမ်းပိုင်းတွင် ယမန်နေ့ ၁၁ နာရီဝန်းကျင်က လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ၄ နှစ်အရွယ် မိန်းကလေး ငယ်တစ်ဦးအပါအဝင် အမျိုးသမီး (၅)ဦး ကျည်စထိမှန်ဒဏ်ရာရခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။
ကော့ကရိတ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ(၉၇) တပ်က ပစ်ခတ်လိုက် သော လက်နက်ကြီးကျည် မြို့ကို မကျော်လွန်ဘဲ ရပ်ကွက်အတွင်း ကျန်းမာရေး မကောင်းသည့်လူနာအိမ်နားတွင် ကျရောက်ပေါက်ကွဲသဖြင့် လူနာအပါအဝင် လူနာအိမ်လာလည်သည့် ဧည့်သည်များ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းရပ်ကွက်ရှိ ဒေသခံများက ပြောသည်။
မြို့ခံတစ်ဦးက “လက်နက်ကြီးက ၃လုံးထွက်သွားတယ်။၂လုံးက မြို့ကို ကျော်သွား တယ်။ တစ်လုံးက နေမကောင်းတဲ့သူရဲ့အပေါ်အိမ်တစ်အိမ်ခေါင်းမိုးမှာ ကျရောက် ပေါက်ကွဲသွားတယ်။ နေမကောင်းတဲ့လူနာအိမ်သွားလည်တဲ့ သူ(၅)ဦး ထိသွားတယ်။ ၄ နှစ်အရွယ် ကလေးမလေးတစ်ဦးလည်းပါတယ်။ နေမကောင်းတဲ့ လူနာကတော့ လက်နက်ကြီး ကျည်ကျပြီးခဏအကြာမှာပဲ သေသွားတယ်”ဟု ပြောသည်။
လက်နက်ကြီးကျည်ထိမှန်၍ ထိခိုက်ဒဏ်ရာရရှိသူများမှာ အသက်(၆၀)ဝန်းကျင် မနှင်းမြိုင်၊ မညွန့်စိန်၊ အသက်(၂၀)ကျော် နော်ဖောလွဲထူး၊ တာပေါ့မုနှင့် အသက် ၄နှစ် အရွယ် မိန်းကလေးငယ်တစ်ဦးတို့ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အမှတ်(၁)ရပ်ကွက်၊ ရှမ်းပိုင်းတွင် ယမန်နေ့လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများပြားသဖြင့် ရပ်ကွက်သူ/ရပ်ကွက်သားများနှင့် ကျေးရွာများမှ လာရောက်တိမ်းရှောင်သည့် ဒေသခံများထိတ်လန့်ကြောက်ရွံ့ နေကြကြောင်း ဒေသခံများက ပြောသည်။
“ရွာမှာနေမရဲလို့ မြို့ထဲလာနေတယ်။ အခုလာနေတဲ့ရပ်ကွက်လဲမလွတ်ပြန်ဘူး ။ ဘယ်မှာသွားနေရမလဲမသိဘူး။ ထပ်ပြီး ရှောင်တဲ့လူက ရှောင်နေပြီး။ ကြောက် ကြောက်လန့်လန့်ပဲနေရတယ်”ဟု ၎င်းရပ်ကွက်တွင်း လာရောက်တိမ်းရှောင်သူတစ်ဦးက ပြောသည်။
ယခုလပိုင်းအတွင်း ကော့ကရိတ်မြို့တွင် မြို့တွင်းတိုက်ပွဲအရှိန်များ ပိုမိုပြင်းထန် လာပြီး လက်နက်ကြီးကြောင့် မြို့တွင်းနေထိုင်သူ အရပ်သားပြည်သူများလည်း နေ့စဉ်နှင့်အမျှ ထိခိုက်သေဆုံးမှုရှိနေကြောင်း ကော့ကရိတ်မြို့ဒေသခံများက ပြော သည်။



















