Home ဆောင်းပါး သုံ့ပန်းတွေနဲ့ ဖမ်းမိထားသူတွေကို အမြော်အမြင်ရှိရှိ စနစ်တကျကိုင်တွယ်ဖို့

သုံ့ပန်းတွေနဲ့ ဖမ်းမိထားသူတွေကို အမြော်အမြင်ရှိရှိ စနစ်တကျကိုင်တွယ်ဖို့

887
Photo: Crd.

သုံ့ပန်းတွေနဲ့ ဖမ်းမိထားသူတွေကို အမြော်အမြင်ရှိရှိ စနစ်တကျကိုင်တွယ်ဖို့

မောင်ကျော်စွာ

(၂၀၂၃ ခုနှစ် နိုဝင်ဘာ၂၁ ရက်)

“ကျွန်တော် အခုလောလောဆယ် ဒီမှာ ကျွန်တော့်တက္ကသိုလ်က ဆရာ၊ဆရာမ ၁၉၄ယောက်နဲ့အတူ ရှိနေပါ တယ်။ ကျွန်တော့်ကိုသေသွားပြီဆိုတဲ့ သတင်းအမှားပေါ်မှာတော့ ကျွန်တော်ဟာ ဒီမှာ လုံလုံခြုံခြုံ ကျန်းကျန်းမာမာ ရှိနေတယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်ခင်ဗျ” ဒီစကားဟာ လွိုင်ကော်တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာ အောင်ခင်မြင့်က ရုပ်သံ သတင်းစာမျက်နှာတစ်ခုမှာ ပြောကြားထားတာကို ကြည့်ရတာပါ။

အဆိုပါရုပ်သံထဲမှာ ပါချုပ်ဒေါက်တာအောင်ခင်မြင့်အပြင် လွိုင်ကော်တက္ကသိုလ်၊ ဒဿနိကဗေဒဌာန၊ ကထိက ဆရာမ ဒေါ်ခင်လှဌေးနဲ့ မြန်မာစာဌာန၊ လက်ထောက်ကထိက ဆရာဦးဝေလင်းစိုးတို့ကလည်း သူတို့နဲ့အတူရှိနေကြတဲ့ ၁၉၇ဦးဟာ ကျန်းမာကြောင်း၊ နေထိုင်စားသောက်ရေးနဲ့ အစစအရာရာ အဆင်ပြေပါကြောင်း သက်ဆိုင်ရာ မိသားစု တိုင်းဆီကို မစိုးရိမ်ဖို့ သတင်းစကား ပါးထားပါတယ်။

လွိုင်ကော်တက္ကသိုလ်ပါချုပ်ရော၊ ကထိက ဆရာမနဲ့ဆရာတို့ ပြောတာတွေကို ၂ခေါက်၊ ၃ခေါက်မက ကျနော် ကြည့်ဖြစ်ပါတယ်။ ရုပ်သံထဲမှာ သူတို့ဘယ်လိုပဲ ထိန်းထိန်းသိမ်းသိမ်းပြောနေပေမယ့် သူတို့စိုးရိမ်မှုက သူတို့မျက်နှာနဲ့ သူတို့အသံမှာ အတိုင်းသား ပေါ်လွင်နေပါတယ်။ သူတို့နေရာမှာ ကျနော်သာဆိုရင်လည်း သူတို့လို စိုးရိမ်ကြောက်ရွံ့နေ မှာပါပဲ။

အခုတလော ကြားသိနေရတဲ့ (စကစ)စစ်အုပ်စုရဲ့ ခါးပိုက်ဆောင်တပ်က တပ်ရင်းလိုက် လက်နက်ချလာတာ တွေ၊ တကွဲတပြား ပြေးလာကြသူတွေ၊ တိုက်ပွဲထဲ ဖမ်းမိတာတွေ၊ လက်နက်ချကူးပြောင်းတွေနဲ့ ပတ်သက်ပြီး တော် လှန်ရေးဘက်က ပြုမူသဘောထားပုံတွေနဲ့ ဆက်စပ်ပြီးတော့လည်း စဉ်းစားမိပါတယ်။ Non–CDM တွေနဲ့ပတ်သက်ပြီး “သစ္စာဖောက် – အပြစ်ပေးအရေးယူရမယ်” စတဲ့အသံတွေကလည်း ရှိနေတယ် မဟုတ်ပါလား။ ဒါ့အပြင် ဖမ်းဆီးရမိ ထားပြီဖြစ်တဲ့ [ပစ်ချ/ပျက်ကျသွားတဲ့ (K-8) တိုက်လေယာဉ်က ] ပိုင်းလော့ ဗိုလ်မှူးခိုင်သန့်မိုး ကိစ္စကလည်း အားလုံး စိတ်ဝင်စားစရာပါ။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေက သူတို့လက်ထဲ ရောက်ရှိနေတဲ့သူတွေကို ဘယ်လိုကိုင်တွယ်စီရင်ကြမလဲ ဆိုတာကလည်း ကျနော့်အတွက်တော့ စိုးရိမ်စိတ်နဲ့ယှဉ်ပြီး စိတ်ဝင်စားစရာပါ။

“စိုးရိမ်စိတ်”ဆိုတာရဲ့ အဓိကအကြောင်းတရားက ကျနော်တို့အင်အားစုတွေ ဆင်နွှဲနေကြတဲ့ “တော်လှန်ရေး” နဲ့ အခုချိန်အထိ အခိုင်အမာအင်အားနဲ့ အသေအလဲ ရုန်းကန်နေဆဲဖြစ်တဲ့ (စကစ)စစ်အုပ်စုက ချုပ်ကိုင်ခုတ်မောင်း နေတဲ့ “စစ်ဗြူရိုကရေစီ ယန္တရား” ဆိုတဲ့ ဘက်နှစ်ဖက်ကို နှိုင်းယှဉ်စဉ်းစားရာကနေ ပေါ်ထွက်လာတဲ့ စိုးရိမ်မှုပါ။

အထူးသဖြင့် စစ်ဗြူရိုကရေစီယန္တရားကြီး ကနဦးအဆင့်မှာ မူလအတိုင်း ဆက်ပြီး လည်ပတ်ခုတ်မောင်းလို့ မရ တော့အောင်၊ နောက်ဆုံးအဆင့်မှာ လုံးဝ ဗုန်းဗုန်းလဲ ကြေမွပျက်စီးသွားအောင် ဖြိုဖျက်ပစ်ရမှာ မဟုတ်ပါလား။ ဒီတော့ ဒီယန္တရားကြီးထဲက စက်သွားတွေ၊ ဝက်အူတွေ၊ ဒေါက်တွေ၊ ဝင်ရိုးတွေတစ်ခုစီတစ်စစီ ပြိုကွဲထွက်လာအောင် လုပ်ရမှာ ပါ။ ဒီလုပ်ငန်းဟာ စစ်တိုက်ပြီးချေမှုန်းတဲ့လုပ်ငန်းလိုပဲ အင်မတန်အရေးပါတဲ့လုပ်ငန်းပါ။

(စကစ)စစ်အုပ်စုက ကုပ်ခွစီးထားတဲ့ အဓိက ဖိနှိပ်အကြမ်းဖက်ရေး ယန္တရားဖြစ်တဲ့ စစ်တပ်ကြီးဟာ အခုတော့ တိုက်စိတ်ခိုက်စိတ်ပျက်ပြားနေတဲ့ကာလပါ။ အောက်ခြေတပ် ဗိုလ်တပ်သားတွေက အသေအလဲ မခုခံတော့ဘဲ အလွယ် တကူ အလျှော့ပေး အညံ့ခံလာအောင်၊ ဘက်ပြောင်းလာအောင်၊ ဒီမိုကရေစီဘက် အုံနဲ့ကျင်းနဲ့ ကူးလာကြအောင် နည်း မျိုးစုံနဲ့ ဖျောင်းဖျ နားချ စည်းရုံးကြရမှာပါ။ ဒါကြောင့် ထွက်ပေါက် အကုန်ပိတ်ဆို့ပြီး ချောင်ပိတ်ရိုက်တဲ့ နည်းလမ်းမျိုး ကိုရှောင်ရှားပြီး ခေါင်းမာမိုက်မဲသူတချို့ကိုသာ ကွက်ပြီး ချေမှုန်းဖို့ပါ။ ကျန်တဲ့ ပျော့ပျောင်းသူအများစုကိုတော့ နည်း လမ်းမျိုးစုံနဲ့ ကိုယ့်ဘက်ပါလာအောင် သိမ်းသွင်းရမယ် မဟုတ်ပါလား။

ဒီတော့ သူတို့ရဲ့အသက်အန္တရာယ်၊ သူတို့ရဲ့လူတစ်ဦးချင်း ဂုဏ်သိက္ခာကို ကျနော်တို့ဘက်က အလေးထားရ မယ်။ သူတို့ ကျူးလွန်ခဲ့တဲ့၊ သူတို့အထက်ကပေးတဲ့ အမိန့်အတိုင်း တက်တက်ကြွကြွ ဆောင်ရွက်ခဲ့တာတွေကို သီးခြား စဉ်းစားပြီး သင့်တော်တဲ့နည်းလမ်းနဲ့ ကိုင်တွယ်ဆုံးဖြတ်စီရင်ကြရမယ်။ လူတစ်ယောက်ကို သတ်ဖြတ်တာဟာ အင်မ တန် လွယ်ကူပါတယ်။ ကွပ်မျက်ခံရမယ့်သူရဲ့ နဖူး သို့မဟုတ် နောက်စေ့မှာ သေနတ်ပြောင်းတေ့ပြီး လက်ညှိုးကလေး ကွေးလိုက်ရုံပါပဲ။ လူတွေရဲ့ အသဲနှလုံးနဲ့ ဦးနှောက်အထိ ရောက်ရှိသွားပြီး အကြောင်းအကျိုးကျကျ စဉ်းစားဆင်ခြင် လာနိုင်အောင် ကျနော်တို့ဘက်က အလေးထားပြုမူကြရမယ် မဟုတ်ပါလား။

ကျနော်တို့က သွေးဆာနေတဲ့ ပုဂ္ဂိုလ်ရေး အငြိုးအတေးနဲ့ လက်စားချေရေးသမားတွေ မဟုတ်ပါဘူး။ စနစ်ဆိုး နဲ့ ခေတ်ဆိုးကို တွန်းလှန်ဖျက်သိမ်းပစ်ပြီး ခေတ်သစ်စနစ်သစ်ကို တည်ဆောက်ကြမယ့်သူတွေပါ။ ဒီတော့ ကျယ်ပြန့်တဲ့ အမြော်အမြင်ကြီးမားနဲ့ နှလုံးသားနဲ့ ကြောင်းကျိုးကျကျ ဆင်ခြင်စဉ်းစားပြီး လုပ်ဆောင်ကြရမှာပါ။ စိတ်ခံစားမှုက စေ့ဆော်တဲ့အတိုင်း သွေးပူသွေးဆူသလို စိတ်မြန်လက်မြန် ဟောဟောဒိုင်းဒိုင်း လုပ်တာမျိုးတွေကို အထူး သတိပြု ဆင်ခြင်ကြရမှာပါ။

ဆင့်ပွားစိုးရိမ်မှုကတော့ လူလူချင်းဆိုတဲ့ လူ့သဘာဝပင်ကိုယ်စိတ်အရပါ။ ဒါရဲ့အရင်းခံကတော့ ကျူးလွန်တဲ့ အပြစ်နဲ့လျော်ညီတဲ့ ပြစ်ဒဏ်မျိုးကိုသာ စီရင်နိုင်ကြစေဖို့ပါ။ သာဓကအားဖြင့် လက်ရှိ ဖမ်းမိထားတဲ့ လွိုင်ကော် တက္ကသိုလ်ပါချုပ်၊ ကထိက ဆရာမ/ဆရာတို့နဲ့ တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးတို့ကို တန်းတူထားပြီး ပြစ်မှုပြစ် ဒဏ်သတ်မှတ်စီရင်လို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီအချက်ကို အားလုံးက သဘောပေါက်ထားကြပြီးသားလည်း ဖြစ်မှာ ပါ။

ဒီတော့ တိုက်ခိုက်ရေးယန္တရား (စစ်တပ်၊ ရဲတပ်၊ ထောက်လှမ်းရေး၊ အုပ်ချုပ်ရေး)တဲ့သူတွေကိုတော့ သူတို့ကျူး လွန်ခဲ့တဲ့ ပြစ်မှုအတိုင်းအတာနဲ့ သူတို့သဘောထားပုံအတိုင်း စနစ်တကျ စီရင်ဆုံးဖြတ်ကြရမှာပါ။ ကျန်တဲ့ ပညာရေး၊ ယဉ်ကျေးမှုနဲ့ အခြားသောလုပ်ငန်းဌာနတွေက သက်ဆိုင်ရာဝန်ထမ်းတွေကိုတော့ သက်ညှာထောက်ထားမှုအပြည့်နဲ့ အဘက်ဘက်ကနေ စဉ်းစားဆုံးဖြတ် စီရင်ကြရမှာပါ။

တော်လှန်ရေးအပေါ် မသက်ညှာသူကိုတော့ တော်လှန်ရေးကလည်း သက်ညှာစရာ ဘယ်လိုမှာလဲ။ သို့သော် လည်း သူ့ရဲ့တကယ့်လက်တွေ့လုပ်ရပ်ဟာ တော်လှန်ရေးအကျိုးစီးပွားကို၊ ပြည်သူ့အသက်အိုးအိမ်နဲ့ အကျိုးစီးပွားကို ဘယ်အတိုင်းအတာအထိ ပျက်ပြားထိခိုက်စေသလဲ ဆိုတဲ့အချက်ကိုတော့ အခိုင်အမာ လေ့လာစုံစမ်းဖို့ လိုအပ်ပါတယ်။ စီရင်ဆုံးဖြတ်မှုက အဲဒီလို လေ့လာစုံစမ်းပြီး ရရှိလာတဲ့ အချက်အလက်အပေါ်မှာ မူတည်ပါလိမ့်မယ်။

တော်လှန်ရေးဆိုတာ လူသတ်တာမှ မဟုတ်တာ။ မင်းအောင်လှိုင်ကို ကွပ်မျက်နိုင်ရုံနဲ့ တော်လှန်ရေးအောင်ပွဲ မရနိုင်ပါဘူး။ “စစ် ၃စစ်”ကို အကုန်အစင် ဖျက်သိမ်းနိုင်ပြီလို့ ပြောနိုင်မှာလည်း မဟုတ်ပါဘူး။ စစ် ၃စစ် ရှိနေသမျှ လည်ပတ်နေသမျှ ငကန်းသေရင် ငစွေ ပေါ်လာနေအုံးမှာပါပဲ။ ခေါင်းမာပြီး အင်မတန် ကောက်ကျစ် ရက်စက်ယုတ်မာ တဲ့သူတချို့ကိုတော့ ကြီးလေးတဲ့ ပြစ်ဒဏ်ခတ်ဖို့ကတော့ မလွဲမသွေ လိုအပ်ပါတယ်။