Home သတင်း တောင်ငူ (၄)မိုင် လေကြောင်းပစ်ခတ်မှုအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် (၄)ဦးသေဆုံး

တောင်ငူ (၄)မိုင် လေကြောင်းပစ်ခတ်မှုအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် (၄)ဦးသေဆုံး

676
Photo: CJ

နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ‌တောင်ငူခရိုင်၊ တောင်ငူမြို့နယ် (၄)မိုင်စခန်းသို့ ယမန်နေ့ နိုဝင်ဘာလ(၁၇)ရက်နေ့က လေကြောင်းပစ်ကူလာသော စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ စပါးလင်ကုန်းရွာရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ(၄)ဦး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယမန်နေ့က တောင်ငူမြို့(၄)မိုင်အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၃၉ အား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရာတွင် စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူခဲ့သဖြင့် (၄)မိုင်အနီးရှိ ကယားပြုံးချောင်း၊ ရှမ်းပြုံးချောင်း၊ ရေဆင်းကုန်း၊ ဆိတ်ဖူးတောင်နှင့် စပါးလင်ကုန်းကျေးရွာများပါ တိုက်ခိုက် မှုခံခဲ့ရပြီး စပါးလင်ကုန်းရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ သက်ကြီးပိုင်းအမျိုးသားတစ်ဦးနှင့် လူငယ်နှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

“လေယာဥ်နှစ်စင်းနဲ့တက်လာပစ်တာ အဲဒီရွာတွေက (၃၉)တပ်ရင်းဘေးနားနီးတဲ့ရွာတွေချည်းပဲ အရင်တစ်ခါ စစ်တပ်ကမီးဝင်ရှို့သွားတဲ့ရွာတွေပေါ့။ မနေ့က ပစ်ချတာမှာ ပြည်သူ(၄)ယောက်သေတယ်ပြောတယ် ။ ကိုယ်ဝန်ဆောင်ဗိုက်ထဲက ကလေးပါပါရင် (၅)ယောက်ပေါ့၊ ဒီမနက်မှ သေချာစစ်ဆေးပြီးလိုက်ကြည့်တော့မှ သေတာကိုတွေ့တာပါ။ ထိခိုက်မှုကတော့ မကြားမိဘူး။” ဟု နယ်ခံအမျိုးသားတစ်ဦးက ဆိုသည်။

လက်ရှိတွင် တိုက်ပွဲငြိမ်သက်နေပြီးဖြစ်သလို စပါးလင်ကုန်းကျေးရွာအပါအင် ဆိတ်ဖူးတောင်ကျေးရွာအုပ်စုရှိ ကျေးရွာများ နေရပ်ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။

Photo: CJ

ထို့အပြင် တောင်ငူမြို့အဝင်အထွက်ကို စစ်တပ်က ပိတ်ဆို့စစ်ဆေးနေသဖြင့် မြို့ဘက်မှ ဖြစ်စဥ်ဖြစ်ပွား သည့် ကျေးရွာများသို့ လာရောက်အကူအညီပေးမည့်အသင်းအဖွဲ့များအနေဖြင့် မရောက်ရှိနိုင်သေးကြောင်း လတ်တလောရရှိထားသောသတင်းများအရ သိရသည်။

ဒေသခံတစ်ဦးက “လောလောဆယ် တောင်ငူဘက်က ကယ်ဆယ်ရေးအဖွဲ့တောင်မှ ပြည်သူတွေဆီ တက်ပြီး တော့ ကူညီဖို့ကို စစ်တပ်ကလမ်းတွေပိတ်ထားတယ်၊ မသွားခိုင်းဘူး။ သံတောင်ကနေ တောင်ငူ ဘက်တက် တဲ့လမ်းကိုလည်းပိတ်ထားတယ်။ တောင်ငူကနေ ဝင်လာတာကိုလည်း ပိတ်ထားတယ်” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသော ကယားပြုံးချောင်းရွာသည် ပြီးခဲ့သည့် နိုဝင်ဘာလ (၁၂)ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နောက် ရွာအတွင်းရှိ နေအိမ်(၂၅)လုံးအား စစ်တပ်က မီးရှို့ဖျက်ဆီးကာ ရွာအနီးကင်းပုန်းဝပ်နေကြသဖြင့် ရွာရှိဒေသခံများ စောစီးစွာနေရပ်စွန့်ခွာရှောင်တိမ်းခဲ့ကြရသော ကျေးရွာဖြစ်သည်။