နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့အရှေ့ဘက် (၄)မိုင်ရှိ စစ်ကောင်စီတပ်ရင်းစခန်းတွင် နိုဝင်ဘာလ(၁၇)ရက်၊ ယမန်နေ့ ညပိုင်းမှစတင်၍ တိုက်ပွဲဖြစ်ပွားပြီးနောက် တောင်ငူ-သံတောင် (၄)မိုင် လမ်းအား ဖြတ်သန်းခွင့်မပြုဘဲ စစ်တပ်ကပိတ်ဆို့လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၃၉ နှင့် တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားရာတွင် ထိုတပ် ရင်းနှင့်အနီးရှိ ရေဆင်းကုန်းကျေးရွာအပါအဝင် အခြားကျေးရွာများသို့ စစ်ကောင်စီဘက်မှ လေကြောင်း နှင့် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေသည့်အပြင် လမ်းပိတ်ဆို့ထားသဖြင့် ဒေသခံများဖြတ်သန်းခွင့်မရဘဲ ပိတ်မိနေသည်ဟု သံတောင်မြို့ခံတစ်ဦးက ပြောသည်။
၎င်းက “(၄)မိုင်မှာတစ်ချက်ပိတ်တယ်။ စစ်တောင်းတံတားကိုလည်း အစောပိုင်းက ပိတ်ထားတယ် ။ ဘယ် သူမှ ဖြတ်သန်းခွင့်မပေးဘဲ တောင်ငူကိုမဝင်ရသလို ထွက်လည်းထွက်မရဘူး။ ဘုရားကြီး ဘက်လည်းကြားတယ်၊ (၄)မိုင် ပိတ်ပြီဆိုတာနဲ့အကုန်ပိတ်ပြီလေ။ ညတုန်းကဖြစ်တယ်၊ ဒီမနက်ဖြစ်တယ်၊ ပြီးတော့ စပိတ်လိုက်တာပဲ ဘယ်အချိန်ပြန်ဖွင့်မလဲမသိသေးဘူး” ဟု ပြောသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှုငြိမ်သက်သွားပြီး စစ်တောင်းတံတားအဝင်အထွက်ကို ဖြတ်သန်းသွား လာခွင့်ပြုလိုက်သော်လည်း တောင်ငူမြို့အဝင်အထွက်ကို စစ်ဆေးရေးတင်းကြပ်ထားသဖြင့် သတိထားသွားလာကြရန်လိုကြောင်းလည်း ၎င်းဒေသခံများက သတိပေးပြောဆိုထားသည်။
“အခုကတော့ ငြိမ်နေပြီ။ စစ်တပ်တော့ တော်တော်လေးခြေရှုပ်နေသေးတယ်။ မနက်ကတော်တော်ကြမ်းတာ ကျမတို့အိမ်ဘက်ဆို ဒီနေ့မနက်(၄)နာရီကတည်းက ပစ်သံခတ်သံတွေ စကြားနေရတာ” ဟု အမည်မဖော်လို သူတောင်ငူမြို့ခံအမျိုးသမီးတစ်ဦးက ယနေ့တွင် ကေအိုင်စီသို့ပြောသည်။
ထို့အတူ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပဲခူးတိုင်းအရှေ့ဘက် ရေတာရှည်မြို့နယ်အတွင်းရှိ မြို့နှင့် ကျေးရွာ များတွင် စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့၍ ဒေသခံအများအပြား ရွှေ့ပြောင်း စစ်ရှောင်နေကြရကြောင်း သိရသည်။
ထို့နောက် စစ်တောင်းမြစ်အရှေ့ဘက်ရှိ လှေဆိပ်များတွင် အဝင်အထွက်များကို တင်းကြပ်စစ်ဆေးခြင်းနှင့် ကုန်ပစ္စည်းသယ်ဆောင်မှု ကန့်သတ်မှုများလုပ်ဆောင်သဖြင့် ဒေသတွင်း လှေအသုံးပြုဖြတ် သန်းသွား လာသူများ အခက်တွေ့ကြုံနေသည်ဟုလည်း နယ်ခံများက ပြောဆိုကြသည်။
တောင်ငူမြို့ (၄)မိုင် စစ်ကောင်စီတပ်ရင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့်ပစ်ခတ်မှုများအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုကိုမူ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနေဆဲဖြစ်သလို ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မတွေ့ရှိရသေးပေ။



















