Home သတင်း ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များ တစ်ပတ်အတွင်း ထွက်ခွာရန် KNU နောက်ဆုံးသတိပေး

ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များ တစ်ပတ်အတွင်း ထွက်ခွာရန် KNU နောက်ဆုံးသတိပေး

514

နိုဝင်ဘာလ ၁၈ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/တပ်မဟာ(၆)နယ်မြေ၊ ကော့ ကရိတ်မြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီအုပ်ချုပ်မှုယန္တရားတွင် ပါဝင် ပတ်သက်သူများအနေဖြင့် တစ်ပတ်အတွင်း ထွက်ခွာသွားကြရန် နိုဝင်ဘာလ (၁၇)ရက်၊ ယမန်‌နေ့တွင် ကေအဲန်ယူက နောက်ဆုံးသတိပေးစာထုတ်ပြန်လိုက်သည်။

ကော့ကရိတ်‌မြို့နယ်အတွင်းရှိ ကျိုက်ဒုံမြို့၊ ကော့ကရိတ်မြို့၊ စုကလိမြို့ နှင့် ဝေါ်လေ မြိုင်မြို့တို့ မှ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်သူများအနေဖြင့် ထွက်ခွာ ကြရန် အကြိမ်ကြိမ်သတိပေးခဲ့ပြီးဖြစ်ပြီး ခရိုင်၊ မြို့နယ်နှင့် တပ်ရင်းတပ်ဖွဲ့ ဝင်များ ပါဝင်သည့် အစည်းအဝေးဆုံးဖြတ်ချက်အရ ယခုလို နောက်ဆုံးသတိပေး ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ကော့ကရိတ်မြို့နယ် ဥက္ကဋ္ဌ ပဒိုစောမောထူးက ပြောသည်။

၎င်းက” ကျနော်တို့ ကော့ကရိတ်မြို့နယ်ထဲမှာရှိတဲ့ တပ်ရင်းတွေ၊ အမြဲတမ်း ကော်မ တီဝင်တွေ၊ ခရိုင်ကော်မတီတွေ အစည်းအဝေးလုပ်တယ်။ အခုက ကျနော်တို့ ကေအဲန်ယူ အဖွဲ့အစည်းက ခရိုင်မြို့နယ်မှာ အုပ်ချုပ်ရေးချထားဖို့ ဆုံးဖြတ်လိုက်တယ်။ အာဏာ သိမ်းစစ်ကောင်စီတပ်က ကျနော်တို့ အုပ်ချုပ်ရေး နယ်မြေထဲမှာရှိရင် ကျနော်တို့ အလုပ် လုပ်တာ တိုးတက်မှုမရှိဘူး။ ဒါကြောင့် ထွက်ခွာသင့်ပြီးမြင်တယ်။ မထွက်ခွာရင် ထွက်ခွာ အောင်လုပ်ရမယ်”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် နိုင်ငံရေး၊ စစ်‌ရေးထိုးစစ်ဆင်မည်ဖြစ်သဖြင့် ထုတ်ပြန်ချက်တိုင်းလိုက်နာ မှုမရှိလျှင် နောက်ဆက်တွဲအကျိုးဆက်များကို တာဝန်ယူမည်မဟုတ်ကြောင်းလည်း ပဒိုစောမောထူးက ဆက်လက်ပြောဆိုသည်။

“အရင်က ထုတ်ပြန်ချက်စာ ထုတ်တယ်။ သူတို့လည်း ထွက်သွားတယ်။ အဲ့တုန်းက ကျ‌နော်တို့လည်း အင်အားနည်းသေးတယ်။ အခုက ကျနော်တို့ နိုင်ငံ‌ရေး၊ စစ်ရေး ထိုး စစ်ဆင်‌တော့မဲ့အပေါ် မထွက်သွားရင် ထွက်သွား‌အောင် လုပ်ရမယ်။ အခုက ရန်သူဘက်နဲ့ ကျနော်တို့ဘက် နှစ်ဖက်ပဲရှိတယ်”ဟု ပဒိုစောမောထူးက ဖြည့်စွက် ပြောသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီအုပ်ချုပ်မှုယန္တရားသည် မြို့တွင်း အနည်း ငယ် သာရှိပြီး တော်လှန်ရေးပူးပေါင်းတပ်များက မြို့အစပ်နေရာများတွင် တပ်ချ ထားလျက်ရှိ ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် တော်လှန်‌ရေးပူး‌‌ပေါင်းတပ်များ၏ အင်အားကြီး ထွား လာမှုကြောင့် စိုးရိမ်ကြောက်လန့်‌မှုဖြင့် လက်နက်ကြီးများရမ်းသမ်း ပစ်ခတ်ရာတွင် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ မကြာခဏ ကျရောက်လျက်ရှိ‌ကြောင်း ကော့ကရိတ်‌မြို့‌ဒေသခံများက ပြောသည်။

လတ်တလောတွင် မြို့တွင်းနေထိုင်သူ ပြည်သူများသည် စစ်ကောင်စီတပ်၏ လက်နက် ကြီးပစ်ခတ်မှုအပြင် မြို့တွင်းတိုက်ပွဲများဖြစ်ပွားလာမည်ကို တွက်ချက်ထားပြီး ကြိုတင် တိမ်းရှောင်ထားသူများလည်းရှိကြောင်း ဒေသခံများက ပြောသည်။