Home သတင်း မြဝတီ၊ ကော့ကရိတ်နှင့် ဖားအံများတွင် စစ်တပ်က လူထုအိမ်ယာမြေများကို အကာကွယ်ယူပြီး ခံစစ်ပြင်ဆင်နေ

မြဝတီ၊ ကော့ကရိတ်နှင့် ဖားအံများတွင် စစ်တပ်က လူထုအိမ်ယာမြေများကို အကာကွယ်ယူပြီး ခံစစ်ပြင်ဆင်နေ

867
Photo: CJ

နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့အပါအဝင် မြဝတီနှင့် ကော့ကရိတ်မြို့များ တိုက်ခိုက်မခံရရေး ဒေသခံနေ အိမ်နှင့် တောင်ယာခြံမြေများတွင် မိုင်းမျိုးစုံတပ်ဆင်ပြီး အကာအကွယ်ယူခံစစ်ပြင်ဆင်နေသည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့မှစတင်ကာ မြဝတီမြို့အနီးအနားဝန်းကျင်နှင့် ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များတွင် စစ်တပ်က မိုင်းများ ထောင်ထားပြီး ကင်းပုန်းဝပ်၊ စစ်ကြောင်းပတ်ကင်းလှည့်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု မြဝတီ-ဖားအံ ယာဉ်လိုင်းပြေးဆွဲသည့် မြဝတီမြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “မဲကနယ်၊ ရွာသစ်၊ ကုန်သွယ်ရေးဇုန်၊ ၂၇၅ တပ်ပတ်ခြာလည်က ခြံတွေအိမ်တွေ၊ လူမနေတဲ့ နေရာတွေကို မိုင်းတွေထောင်ထားတယ်။ ကော့ကရိတ်မှာဆိုရင်လည်း စစ်တပ်က အမှတ် ၇ ရပ်ကွက်၊ ခနိမ်းမူ၊ ဝါဆိုဦးကျောင်းနဲ့ ဝါဆိုဦးသီလရှင်ကျောင်းတဝိုက်က လူမရှိတဲ့အိမ်နဲ့ ခြံဝင်းတွေ အနီးအနား‌ မြေကွက်တွေမှာ တိုက်မိုင်းရော၊ နင်းမိုင်းရော ထောင်ထားတယ်။ ပြီးတော့ ညဘက်ကင်းပုန်းဝပ်တယ်။ စစ်ကြောင်းပတ်တာတွေ လုပ်နေတယ်။ ရပ်ကွက်အစွန်အဖျားနေရာတွေက လူထုနေထိုင်သွား လာ နေတဲ့ နေရာတွေကို အသိမပေးဘဲ အကာအကွယ်ယူ ခံစစ်ပြင်နေတာမျိုးလုပ်နေတယ် ”ဟု ပြောသည်။

အလားတူ ဖားအံမြို့တွင်လည်း တောင်ကလေး၊ မွေးမြူရေးဇုန်၊ ၂၀၂ တပ်ရင်း၊ တပ်မ ၂၂ တပ်ဝင်း၊ မြို့ တွင်းရှိ အထပ်မြင့်လူနေအိမ်ရာများ၊ ဘုရား‌တောင်ကုန်းနေရာများနှင့် မြို့ပြင်၊ မြို့အဝင်နေရာများတွင် စစ်တပ်က ကွန်ကရစ်ဘန်ကာ စစ်ကတုတ်များ အမြန်တည်ဆောက်ပြီး ကရင်နယ်ခြာစောင့်တပ်-BGF နှင့်အတူ ပူးပေါင်းလုံခြုံရေးယူထားကြောင်း ဖားအံမြို့ခံများက ပြောသည်။

“ဒီလက စစ်တပ်ပိုအစစ်အဆေးကြမ်းလာတယ်။ မြို့တွေတိုက်ခိုက်မခံရရေးကို တော်တော်လေး တင်း ကြပ်လာတယ်၊ တိုက်အမြင့်တွေ၊ ဘုရားကုန်းတွေမှာလည်း စစ်တပ်ရှိတယ်။ တက္ကသိုလ်ဝင်းထဲ ကျောင်း ဝင်း၊ ရုံးဝင်းများတွင်လည်း အရပ်ဝတ်ရော၊ ယူနီဖောင်းနဲ့ရော စောင့်ကြပ်နေတာ များလာတယ်။ စစ်ကောင်စီ ပြည်နယ်လူကြီးတွေကတော့ ဖွင့်ပွဲ၊ တွေ့ဆုံပွဲ၊ သင်တန်းဆင်းပွဲတွေပဲ ဖားအံရွာတွေ ပတ်ပြီး သွားပြနေတယ်” ဟု ဖားအံမြို့ခံတစ်ဦးက ပြောသည်။

လတ်တလော ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ ကော့ကရိတ်မြို့များတွင် စစ်တပ်မြို့ပြအုပ်ချုပ်ရေးစနစ် မရှိတော့ဘဲ ဝန်ထမ်းအချို့ကို စစ်တပ်ဝင်းမှနေ၍ အုပ်ချုပ်စီမံခြင်းနှင့် အချို့မှာ ဖားအံပြည်နယ်ရုံးကို သွားရောက်ပြီး တွဲဘက်ယာယီအုပ်ချုပ်ရေးအလုပ်များကို စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများနှင့် ပူးတွဲ တာဝန်ထမ်းဆောင်နေရသည်ဟု စစ်ကောင်စီဌာနဆိုင်ရာ သတင်းအရင်းအမြစ်များက ပြောသည်။

ထို့အပြင် လက်ရှိတွင် မြဝတီရွှေမြစန္ဒီကွက်သစ်၊ ရွာသစ်၊ ကျောက်လုံးကြီး၊ မဲကနယ်ကျေးရွာ၊ ကော့ ကရိတ်အမှတ် ၇ ရပ်ကွက်၊ ခနိမ်းမူ၊ တတန်ကူး၊ ဝါဆိုဦိးရပ်ကွက်များနှင့် ဖားအံမြိုင်ကလေး၊ ဝါးဘိုး တောလမ်းပိုင်း နေရာများက စစ်တပ်အနီးနေထိုင်သူများကို နေရာရွှေ့ပြောင်း နေထိုင်ခိုင်းထားသည်ဟု ဒေသခံသတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။