Home သတင်း အလူးရွာအနီး ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ် နေအိမ်များအား အကြိမ်ကြိမ်ဖောက်ထွင်းပြီး ငွေကြေးနှင့် ပစ္စည်းများယူဆောင်သွားခဲ့

အလူးရွာအနီး ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ် နေအိမ်များအား အကြိမ်ကြိမ်ဖောက်ထွင်းပြီး ငွေကြေးနှင့် ပစ္စည်းများယူဆောင်သွားခဲ့

740
Photo: CJ

အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံခရိုင် ဘီးလင်းမြို့နယ် အလူးကျေးရွာအနီးသို့ ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်များ က ရွာမုဒ်ဝနားရှိ ပြည်သူလူထုနေအိမ်များအား အကြိမ်ကြိမ်ဖောက်ထွင်းဝင်ရောက်၍ နေအိမ်ရှိ ငွေကြေးနှင့် စက်ပစ္စည်းများယူဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးနံဘေး အလူးကျေးရွာအနီးရှိ ခြင်္သေ့နှစ်ကောင်မုဒ်ဝဘေးမှ နေအိမ် များတစ်ဝိုက်တွင် အင်အား (၅၀)ထက် မနည်းရှိသော စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာတိုင်း ကင်းပုန်းဝပ်လျက်ရှိသလို နေအိမ်များအတွင်း ဖောက်ထွင်းဝင်ရောက်နေသည်မှာ ယခုနှစ်စပိုင်းမှ လက်ရှိ အချိန်ထိ (၃)ကြိမ်မြောက်ရှိလာပြီဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “ပိုင်ရှင်တွေက စစ်တပ်လာပြီဆိုတာနဲ့ ရှောင်တော့ အိမ်မှာလူမရှိဘူးလေ။ တစ်အိမ်တည်းတင် သုံးကြိမ်ဖောက်ခံရတယ်။ ပထမတစ်ခါဖောက်ခံရတုန်းက အဲဒီအိမ်က ပိုက်ဆံ(၃)သိန်းပါသွားတယ်။ ဒုတိယ တစ်ခါကလည်း အဲဒီအိမ်ရယ်၊ သူ့မျက်နှာချင်းဆိုင်အိမ်ရယ်က ရေစုပ်မော်တာစက်တွေကိုယူတယ် ။ ပြီးခဲ့တဲ့ရက်ပိုင်းက တစ်ခါလာတော့ ပထမဖောက်ခံရတဲ့အိမ်ကပဲ တန်ဖိုးကြီးပစ္စည်းမရှိတဲ့အဆုံး အင်္ကျီ(၃)စုံကို ယူသွားပြန်ရော” ဟု ယနေ့ ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်များသည် စစ်ကြောင်းတစ်ခေါက်လာ၍ ဂိတ်စခန်းချနေထိုင်တိုင်း လမ်းပေါ်တွင် ဖြတ်သန်းသွားလာသမျှ လူနှင့်မော်တော်ယာဥ်များအား စစ်ဆေးခြင်းများပြုလုပ်လေ့ရှိပြီး ယခုလတ် တလောတွင်လည်း ဘီးလင်း မြို့နယ်အတွင်း အမျိုးသားနှစ်ဦးဆိုင်ကယ်စီးလာပါက စစ်ကောင်စီ၏ရိုက်နှက်ခြင်းခံနေရကြောင်း ဘီးလင်းမြို့ခံများက ပြောဆိုကြသည်။

“အလူးရွာနားမှာကတော့ လာတာနဲ့တပ်ထိုင်ပြီး စစ်တာပဲ အခုသူတို့ပြန်ထွက်သွားတော့ငြိမ်နေတယ်။ ဒါပေမဲ့ ယောက်ျားလေးနှစ်ယောက် ဆိုင်ကယ်မစီးရဲဘူး။ တွေ့တာနဲ့ရိုက်တာပဲ၊ ထုတော့တာပဲ၊ ဘီးလင်းရော ကျိုက် ထိုရော အဲ့လို ဖြစ်နေတာအဲ့ဒါကြောင့် ဆိုင်ကယ်နှစ်ယောက်မစီးရဲဘူး။ ”ဟု ဘီးလင်းမြို့ခံတစ်ဦးက ပြော သည်။

ထို့အတူ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက်ပိုင်းများအထိ ဆိုင်ကယ် ၂ ယောက်စီး လာသူများသူအား စစ်ကောင်စီက လိုက်လံဖမ်းဆီးမှု များပြား နေသလို ဘီးလင်းမြို့နယ် ညောင်ထောက်၊ ချမ်းမြေ့နှင့် ကရဝေးဆိပ်ကျေးရွာ ဘက်တွင် အင်အားဖြည့် စစ်ကြောင်းထိုးလှုပ်ရှားမှု များရှိနေကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေအတွင်းရှိ အလူးလေး၊ အလူးကြီး၊ အလယ်ရွာ၊ အလူးအနောက်နှင့်အရှေ့ဟူ၍ (၅)ရွာပါဝင်သော အလူးကျေးရွာအုပ်စုသည် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်ထိခိုက်မှုနှင့်ဒေသခံ ထိခိုက်သေဆုံးမှုရှိခဲ့သော နေရာဖြစ်သလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်မှုနှင့် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကင်ပုန်းဝပ်စစ်ကောင်စီတပ်သားများနှင့် စစ်ကားများ မကြာခဏ ထိခိုက်ပျက်စီး၍ သေဆုံးမှုရှိခဲ့သည့် နေရာလည်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၄)ရက်နေ့ကလည်း အလူးလေးကျေးရွာ ကားလမ်းမ ဘေးတွင် ပူးပေါင်း တပ်ဖွဲ့နှင့်စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်သေ ဆုံးမှုရှိသဖြင့် စစ်ကောင်စီဘက်က ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလုပ်ဆောင်ခဲ့သေးသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။