အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲနှင့်ပိုင်ကျုံမြို့နယ်တို့တွင် ဒေသထွက် ဝဥများ ဝယ်ယူသူမရှိသောကြောင့် တစ်ပိုင်တစ်နိုင် ဝဥစိုက်ပျိုးသူများ ယခုနှစ်တွင်ဝင်ငွေမရဘဲ အခက်အခဲဖြစ်နေကြောင်း သိရသည်။
၎င်းမြို့နယ်ရှိ ကျေးရွာဒေသများတွင် မိုးနှောင်းကာလများ၌ ဝဥပေါ်ချိန်ဖြစ်သည့်အတွက် စတင်တူး ဖော်ရောင်းချရာတွင် အဝယ်ဒိုင်များ လာရောက်ဝယ်ယူခြင်းမရှိသေးသောကြောင့် ဒေသခံစိုက် တောင်သူ များအနေဖြင့် စားဝတ်နေရေးအခက်တွေ့ကြရကြောင်း ဝဥစိုက်တောင်သူတစ်ဦးက ယခုလို ပြောသည်။
၎င်းက “အခုအချိန်ဆို ပုံမှန်ရောင်းရနေပြီး။ ပုံမှန်ဝယ်ယူတဲ့သူက အခုမဝယ်တော့ဘူး။ သွားရောင်းတော့ အခု ကာလမှာ သူတို့လည်းအဆင်မပြေတော့ မလုပ်တော့ဘူးလို့ ပြောတယ်။ တခြားဝယ်သူတွေကို ရောင်းတော့လည်းမဝယ်တော့ဘူးလို့ ပြောတယ်။ ဒီနှစ်ဝယ်သူတွေမရှိရင် ဝဥစိုက်သူတွေ စားဝတ်နေရေး အတွက် အဆင်ပြေမှာမဟုတ်ဘူး” ဟု ကေအိုင်စီသို့ပြောသည်။
ပိုင်ကျုံမြို့နယ်တွင် တချို့ဒေသခံများမှာ ဝဥကိုစီးပွားဖြစ်စိုက်ပျိုးကြပြီး တချို့ဒေသခံများက စီးပွားအဖြစ် စိုက်ပျိုးကြခြင်းမဟုတ်သော်လည်း ၎င်းတို့ နေအိမ်ခြံဝန်းများရှိ ပေါက်နေသောဝဥပင်များမှ ဝဥများကို တူးဖော်ရောင်းချ၍ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းအထောက်အကူပြုသော်လည်း ယခုနှစ် တွင် ဝယ်သူမရှိဖြစ်နေသောကြောင့် အဆင်မပြေခက်ခဲနေကြခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ကုန်ဈေးနှုန်းများလည်း အဆမတန်မြင့်တက်လာသလို ဝဥစျေးကွက်တွင်လည်း ဈေးမမှန်သည့်အတွက် မဝယ်ယူကြခြင်းဖြစ်ပြီး ဝယ်ယူပြီးသား ဝဥများကိုလည်း မြဝတီ မြို့ရှိ စက်ရုံသို့ပို့ ဆောင်ရောင်းချရာတွင် သွားလာရေးအခက်အခဲဖြစ်နေသောကြောင့် ဝယ်ယူမှုမလုပ်ခြင်းဖြစ်ကြောင်း ဝဥအဝယ်ဒိုင်လုပ်ဆောင်သူတစ်ဦးက ယခုလိုပြောသည်။
“ဒီနှစ်က ဘာမှအဆင်မပြေဘူး။ ကုန်ဈေးနှုန်းကတက် အရောင်းဝယ်ကလည်း အဆင်မပြေတော့ ဘာမှ ကို မဝယ်ရဲဘူး။ အခုဈေးကတစ်မျိုးဖြစ်လိုက်၊ တော်ကြာတစ်မျိုးဖြစ်လိုက်နဲ့ ကိုယ်ဝယ်ပြီးမှ ရှုံးရင် ဒုက္ခရောက်မယ်။ ဈေးကွက်ငြိမ်သွားရင်တော့ ဝယ်ဖို့ရှိမလာတော့ မသိသေးဘူး”ဟု ကေအိုင်စီ သို့ ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာမှုကြောင့် ဒေသခံများအနေဖြင့် ရာသီပေါ်သီးနှံများနှင့်ဒေသထွက်သီနှံများကို ရောင်းချပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေရကာ ယခုလို ဝယ်ယူသူမရှိလျှင် ဝဥစိုက်တောင်သူများအနေဖြင့် ဝင်ငွေမရရှိသောကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်နိုင်သည်ဟုလည်း ဒေသခံများက ပြောဆိုကြသည်။
အလားတူ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဝဥပေါ်ချိန် တွင် အဝယ်ဒိုင်များမရှိသောကြောင့် ၎င်းမြို့နယ်ရှိ စိုက်တောင်သူများ အခက်ကြုံခဲ့ရသလို လတ်တလော တွင်လည်း ဝဥစျေးမှအဆမတန်ကျဆင်းနေကြောင်း ကော့ကရိတ်မြို့နယ်ရှိ ဒေသခံ စိုက် တောင်သူ များက ပြောသည်။



















