Home သတင်း မြဝတီ နှင့် ဖားအံတွင် လက်နက်ကိုင်အဖွဲ့အစည်းအမည်ခံ၍ စီးပွားရေးလုပ်သူများလာ

မြဝတီ နှင့် ဖားအံတွင် လက်နက်ကိုင်အဖွဲ့အစည်းအမည်ခံ၍ စီးပွားရေးလုပ်သူများလာ

1084

အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီ၏ စစ်ဆေးရေးတင်းကြပ်မှုများမှ ကင်းလွတ်ရန် အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့အစည်း အတွင်း ဝင်ရောက်အမည်ခံ၍ စီးပွားရေးလုပ်ကိုင်ကြသူ များပြားလာကြောင်း မြဝတီနှင့် ဖားအံမြို့များရှိ စီးပွားရေးလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

ကရင်ပြည်နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် KNU-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသလို မြို့ပေါ် ဌာနဆိုင်ရာရုံးများအထိ ဖောက်ခွဲတိုက်ခိုက်ခံရမှုများကြောင့် ဒေသခံများအနေဖြင့် စစ်တပ်၏ စစ်ဆေးရေး တင်းကြပ်မှုများနှင့် ဖမ်းဆီးငွေညှစ်မှုများကို တွေ့ကြုံနေရခြင်းဖြစ်သည်ဟု လုပ်ငန်းရှင် များက ပြောသည်။

၎င်းအခြေအနေများကို ရှောင်လွဲ၍ အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေခြင်းနှင့် စီးပွားရေးလုပ်ငန်း လုပ် ကိုင်နိုင်ခြင်း မရှိသောကြောင့် ဒေသတွင်း အပစ်ရပ်လက်နက်ကိုင် အဖွဲ့သို့ ဝင်ရောက်အမည်ခံကာ ရန်ပုံငွေထည့်ဝင်ပြီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်ကြသူ ပိုမိုများပြားလာသည်ဟု ဖားအံမြို့ဒေသခံ လုပ်ငန်းရှင်တစ်ဦးက ယခုလိုပြောသည်။

“အခုက အဖွဲ့အစည်းဝင်ပြီး လုပ်စားကိုင်စားကြတာ အဆင်ပြေတယ်။ ဒီအတိုင်းဆို လုပ်စားရတာ အဆင်မပြေဘူး၊ ကားဆင်းတယ်(လိုင်စင်မဲ့ကားမောင်းခြင်း)၊ ထိုင်းပစ္စည်း ပို့တယ်၊ စားသောက်ဆိုင်၊ အရက်ဆိုင်ဖွင့်တယ်၊ အကောက်အခွန်မဲ့ ပစ္စည်းတွေ ဝယ်ရောင်းလုပ်တယ်။ ကလေးတွေ အဖွဲ့အစည်း ထဲဝင်ပြီး သွားလာတော့ စစ်တပ်နဲ့ ရဲ၊ သတင်းပေးတွေက ရန်ရှာ တာ မခံရတော့ဘူးလေ” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုမြို့များရှိ ဒေသခံအများအပြားမှာ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) အပါအဝင် နယ်ခြား စောင့်တပ်(BGF) နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) များသို့ ဝင်ရောက်အမည်ခံကြပြီး မိမိလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းအမျိုးအစား အပေါ်မူတည်၍ အဖွဲ့အစည်းရန်ပုံငွေ အဖြစ် လစဥ် ငွေကြေးထည့်ဝင်ရသည်ဟုလည်း အဆိုပါ လုပ်ငန်းရှင်က ဆက်ပြောသည်။

စစ်ကောင်စီ၏ အာဏာသိမ်းသက်တမ်း ၃ နှစ် နီးပါးရှိလာသည့် အချိန်တွင် မြို့အတွင်း အဖွဲ့အစည်း အမည်ခံထားသော လုပ်ငန်းရှင်များ၏ လိုင်စင်မဲ့၊ အကောက်အခွန်မဲ့စားသောက်ဆိုင်များ၊ ကာရာအိုကေ Ktv ဆိုင်များပေါများလာသော်လည်း နာမည်ရအဆိုတော်များ၊ ပြည်တွင်းခရီးသွားလည်ပတ်သူများ လာရောက်လည်ပတ်သည့် ရက်များမှအပ စားသောက်အပန်း‌ဖြေသူ မရှိသလောက် နည်းပါးနေကြောင်း ဖားအံမြို့ဒေသခံများက ဆိုသည်။

ကရင်လက်နက်ကိုင်များနှင့်နီးစပ်သူ ဖားအံမြို့ခံတစ်ဦးက “ညနေ ၆နာရီကျော်ရင် မြို့ကလူတွေ အပြင်မထွက်ကြတော့ဘူး၊ ဈေးဆိုင်တွေ ပိတ်ပြီ၊ စားသောက်ဆိုင်တွေ၊ Ktv တွေ ကတော့ လုံးဝ မရောင်းရတော့ဘူး၊ နယ်ကလာလည်တဲ့သူတွေပြီးတော့ ရန်ကုန်ကနာမည်ရ အဆိုတော်တွေငှားပြီး စတိတ်ရှိုးသွင်းတဲ့ညတွေလောက်ပဲ ရောင်းရတယ်။ အခုကအဖွဲ့အစည်းအမည်ခံပြီး အရက်ဆိုင်၊ စား‌ သောက်ဆိုင်၊ Ktv တွေ ဖွင့်တာများလာတယ်။ အဲ့လိုဆိုင်တွေမှာ စစ်တပ်နဲ့ပတ်သက်တဲ့သူ၊ လက် နက်ကိုင်အပစ်ရပ်အဖွဲ့တွေနဲ့ ပတ်သက်တဲ့သူတွေလောက်ပဲ အထိုင်ရှိတယ်” ဟု ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၅ ခုတွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဒေသခံ ပြည်သူများ စားဝတ်နေရေး ခက်ခဲကြပ်တည်းရသလို ဖားအံနှင့်လှိုင်းဘွဲ့မြို့ဘက်တွင်လည်း BGF တပ် အပါအဝင် စစ်တပ်နှင့် အပစ်ရပ်လက်နက်ကိုင် အဖွဲ့များ၏ မိသားစုများအကြား တရားမဝင် လောင်းက စားနှင့် မူးယစ်ဆေးဝါးလုပ်ငန်း လုပ်ကိုင်မှုများ မြင့်တက်လာကြောင်း ဒေသတွင်း သတင်းအရင်းအမြစ် များ၏ ပြောပြချက်အရ သိရသည်။