အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ ဝင်များမှ ကျေးရွာများတွင် ဆန်ဝယ်ယူမှုကို ကန့်သတ်လိုက်သောကြောင့် စစ်ဘေးရှောင်များအတွက် ဆန်ရိက္ခာလှူဒါန်းရန် အခက်အခဲ ဖြစ်လာပြီး ဆန်ရိက္ခာမလုံလောက်မှုဖြစ်ပေါ်နေကြောင်း စစ်ဘေးရှောင် ကူညီသူများက ပြောသည်။
စစ်အုပ်ချုပ်ရေးနယ်မြေကြေညာခံထားရသော တနင်္သာရီမြို့နယ်ရှိ ကျေးရွာများတွင် အောက်တိုဘာလ နောက် ဆုံးအပတ်မှ စတင်ပြီး ဒေသခံများအနေဖြင့် ဆန်များဝယ်ယူရာတွင် အိမ်ထောင်စု တစ်ခုလျှင် ဆန် ၆ ပြည်ထိသာ ကန့်သတ်ဝယ်ယူခွင့်ရသောကြောင့် စစ်ဘေးရှောင်များအတွက် ဆန်ရိက္ခာဝယ်ယူရန် အခက်အခဲရှိလာကြောင်း စစ်ဘေးရှောင် အနီးကပ်ကူညီသူတစ်ဦးက ပြောသည်။
၎င်းက “ဒီလထဲမှာပဲ အခုလို သတ်မှတ်လိုက်တာပေါ့။ ဆန်ဆိုင်တွေကလည်း အများကြီး ရောင်းလို့ မရတော့ဘူး။ စစ်တပ်က ခြိမ်းခြောက်တာတွေ ခံထားရတယ်။ အဲ့တော့ ပြန်ဝယ်ပြီး လှူတဲ့နေရာမှာ အရင်ကလို များများ ဝယ်မရတော့ဘူး။ နည်းနည်းချင်းစီဝယ်ပြီး လှူရတော့ ဆန်မရတဲ့ စစ်ဘေးရှောင် တွေလည်း ရှိတယ်။ စစ်ဘေး ရှောင်တွေအတွက် တစ်ခါတစ်ခါလှူရင်လည်း ဆန်သယ်ရတာထက် ကားခတွေကလည်း ပေးရတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။
အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား မကြာခဏ ထိတွေ့ တိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိနေသည့် တနင်္သာရီမြို့နယ်တွင် ဆန်ကြမ်း(၂၄)ပြည်တစ်အိတ်လျှင် (၇၀,၀၀၀) ကျပ် ဝန်းကျင်မှ (၉၀,၀၀၀) ကျပ်ဝန်းကျင်ထိပေါက်ဈေးရှိနေသလို မိုးစပါးများကိုလည်း မစိုက်ပျိုးနိုင်ကြသောကြောင့် ယခုလို ဆန်ပြတ်လပ်မှုပြဿများကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း မြို့နေဒေသခံ တစ်ဦးက ပြောသည်။
“ဆန်တွေကသယ်တိုင်း အများဆုံးတစ်အိတ်ပဲ သယ်ခွင့်ရတာ။ ပြီးတော့ စပါးအများစု စိုက်ကြတဲ့ ရွာ တွေကလည်း တိုက်ပွဲတွေဖြစ်တော့ စစ်ဘေးရှောင်နေကြရတယ်။ အဲ့တော့ စပါးစိုက်ဖို့ သေချာ မလုပ်နိုင် တော့ စပါး တွေပျက်စီးပြီးမလုံလောက်ဘူး။ စစ်တပ်က အခုလို ကန့်သတ်တာတွေ လုပ်နေသ၍ကတော့ ပြည်သူတွေ ရိက္ခာ လုံလောက်မှာ မဟုတ်ဘူး။” ဟု ၎င်းဒေသခံက ပြောသည်။
ထို့အပြင် တနင်္သာရီမြို့နယ်အနီးရှိပုလောမြို့နယ်တွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များကြား မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိနေပြီး အာဏာသိမ်း စစ်ကောင်စီဘက်က ဖြတ်လေးဖြတ်ပုံစံ ဖြတ်တောက်မှုများ ဆက်တိုက်လုပ်ဆောင် လာနေကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်ကလည်း ပြောဆိုသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ ဘန်လော၊ အရှေ့မော်ကုန်း ၊အနောက်မော်ကုန်း၊တမုတ်ချုံး နှင့်ဘန်းလမွတ် စသည့်ကျေးရွာအုပ်စုများ အပါအဝင် ကျေးရွာ ၁၇ရွာခန့်မှ ဒေသခံ (၈,၀၀၀)ခန့်သည် စစ်ကောင်စီ၏ လက်နက်ကြီး နေ့စဉ် ပစ်ခတ်မှုများကြောင့် ဘေးလွတ်ရာ အနီးအနား ကျေးရွာများကို စစ်ဘေးတိမ်း ရှောင်နေရကြောင်း စစ်ဘေးရှောင်အနီးကပ်ကူညီသည့်အဖွဲ့အစည်းများထံမှ သိရသည်။



















