အောက်တိုဘာလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သော KNU-ကရင်အမျိုးသားအစည်းအရုံး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDFနှင့် ချင်းအမျိုးသားတပ်ဦး-CNFတို့က NCA နှင့်ပတ်သက်သည့် ဘုံနိုင်ငံရေးရည်မှန်းချက်နှင့် ရပ်တည်ချက်များအား အောက်တိုဘာလ(၁၂)ရက်နေ့စွဲဖြင့် ပူးတွဲထုတ်ပြန်သည်။
အပစ်ရပ်သုံးဖွဲ့၏ထုတ်ပြန်ချက်တွင် ငြိမ်းချမ်းရေးနှင့်ဖက်ဒရယ်ပြည်ထောင်စုအတွက် စစ်ကောင်စီ၏ နိုင်ငံရေးတွင် ပါဝင်နေမှုကိုအဆုံးသတ်ကာ ပြန်လည်ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ရေး ဆွဲ၍ အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ထားရှိစေခြင်းတို့ပါဝင်သော နိုင်ငံရေးရည်မှန်းချက် (၅)ချက်အပါအဝင် ရပ်တည်ချက် (၆)ချက်ဖြင့် ပြည်သူလူထု အပေါ်အကြမ်းဖက်မှုများကို အဆုံး သတ်ခြင်းမရှိပါက ၎င်းတို့အနေဖြင့် စစ်ကောင်စီနှင့် မည်သည့်ဆွေးနွေးပွဲမှ ပြုလုပ်ရန်မရှိကြောင်း ဖော်ပြထားသည်။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက “ကျနော်တို့ရဲ့ ဘုံရည်မှန်းချက်တွေကို တစ်ကမ္ဘာ လုံးကို အသိပေးဖို့လိုအပ်လို့ထုတ်ပြန်ရတာပါ။ ဒီဘုံသဘောထားတွေကို ကျနော်တို့ အမြဲပွင့်ပွင့်လင်း လင်းထုတ်ဖော်လေ့ရှိတယ်။ ဒါကိုစစ်ကောင်စီဘက်က ဘယ်သောအခါမှ လက်မခံခဲ့ဘူး။ အကြိမ်ကြိမ်ငြင်းပယ်တယ် နည်းမျိုးစုံနဲ့ရှောင်ပြီးတော့ ငြင်းဆိုခဲ့တယ်။ ကျနော်တို့ ထုတ်ပြန် ထားတာကိုကြည့်ရင် တစ်နိုင်ငံလုံးက ပြည်သူတွေအတွက်ဆိုတာကို မြင်တွေ့ရမှာဖြစ်တယ်။ ဒါတွေ အကောင်အထည် ဖော်ဖို့ဆိုတာ ဘက်ပေါင်းစုံမှာဆောင်ရွက်နေကြတဲ့ ပြည်သူလူထုတစ်ရပ်လုံးက ပါဝင်လာဖို့ လိုအပ်ပါတယ်။” ဟု ပြောသည်။
အပစ်ရပ်အဖွဲ့များ၏ ဘုံရည်မှန်းချက်တွင် ပဋိပက္ခကာလအတွင်း မတရားကျူးလွန်ခံခဲ့ရသူများ အတွက် တရားမျှတမှုရရှိရန်၊ နိုင်ငံတကာ၏ ညှိနှိုင်းမှုအကူအညီများအား သဘောတူလက်ခံရန် ထည့်သွင်းထားပြီး အာဏာရှင်စနစ်မှန်သမျှကို လက်သင့်မခံသလို နိုင်ငံရေးအခွင့်ထူးခံများ၏ အာဏာခွဲဝေမှုကို လက်မခံကြောင်းပါဝင်သော ဘုံရပ်တည်ချက်များကို အသေးစိတ် ဖော်ပြထားသည်။
စစ်ကောင်စီက NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်ရေးထိုးမှုမရှိသော်လည်း တက်ရောက်လာမည့် အခြားအစုအဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် နိုင်ငံတကာအသိသက်သေများအား အောက်တိုဘာလ(၁၅)ရက်နေ့တွင် ကျရောက်မည့် NCA (၈)နှစ် ပြည့်အခမ်းအနားကျင်းပရန် ဖိတ်ခေါ်ထားပြီး ထိုရက်နီးကပ်လာချိန်တွင် KNU ပါဝင်သော အပစ်ရပ်အဖွဲ့များက ယခုလို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
NCA သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ပျက်ပြယ်သွားခဲ့ပြီး စစ်ကောင်စီ ကျင်းပသော (၈)နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်မည်မဟုတ်ကြောင်းကိုလည်း ထုတ်ပြန်ချက် ပါပြောခွင့်ရသူ ABSDF အဖွဲ့မှ ရဲဘော်ဆန်နီက ကေအိုင်စီသို့ ပြောသည်။
“ကျနော်တို့ကိုလည်း စစ်တပ်က NCA တက်ဖို့ ဖိတ်လာတာရှိတယ်။ ကျနော်တို့တက်ရောက်မှာ မဟုတ်ပါဘူး။ လက်ရှိမှာ NCA ကိုလည်း ဆက်အကောင်အထည်ဖော်လို့မရတော့ဘူး။ NCA က ပြီးခဲ့ တဲ့နိုင်ငံရေးအခင်းအကျင်းမှာ ဆောင်ရွက်ခဲ့ရတာဖြစ်တယ်။ အခုလိုနိုင်ငံရေးပြောင်းလဲ ပြီဖြစ်တဲ့ အတွက် အတိတ်မှာချန်ထားခဲ့ရတဲ့ စာချုပ်တစ်ခုပဲဖြစ်သွားပြီ။ ကျနော်တို့အနေနဲ့လည်း စစ်ကောင်စီ အတွက်တရားဝင်စေတဲ့ ဘယ်လိုဆက်ဆံမှုမျိုးမဆို လုပ်မှာမဟုတ်ပါဘူး” ဟု ရဲဘော်ဆန်နီက ပြောသည်။

ထို့အပြင် အပစ်ရပ်အဖွဲ့များအနေဖြင့် အာဏာသိမ်းမှုမတိုင်ခင်က စစ်ကောင်စီနှင့်ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများတွင် ၎င်းတို့၏နိုင်ငံရေးသဘောထားအား သိရှိထားပြီးဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင်များကိုသာ NCA အရ ကန့်သတ်လိုခြင်းဖြစ်သောကြောင့် စစ်ကောင်စီနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လုပ်ရန်မသင့်ကြောင်းလည်း KNU က အသိပေးလိုက်သည်။
“NCA ထဲမှာပါဝင်တဲ့အချက်အလက်တွေအားလုံးက သူတို့(စစ်တပ်)နဲ့မဆိုင်ဘူး။ လိုက်နာရမှာက EAO တွေပဲဖြစ်တယ်ဆိုပြီး နဂိုကတည်းက သူတို့ ပြောထားပြီးသားဖြစ်တယ်။ သူတို့ဘက်က ကျ တော့ သွားချင်တဲ့ပုံစံအတိုင်းသွားပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို NCA ကနေ ကန့်သတ် ချင် တာကို ကျနော်တို့ နားလည်ထားပြီးသားပါ၊ ဒါကြောင့် KNU အနေနဲ့က စစ်ကောင်စီနဲ့ ဘယ်လိုမှ နိုင်ငံရေးဆွေးနွေးဖို့ဆိုတာ မသင့်တော်ဘူးဆိုတာ ပြည်သူတွေကိုလည်း အသိပေးချင်တယ်။” ဟု ပဒို စောကလယ်စေးက ဆိုသည်။
ထို့အတူ အပစ်ရပ်အဖွဲ့များ၏ထုတ်ပြန်ချက်တွင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် လုပ်ဆောင်ချက်များတွင် မပါဝင်ရန်နှင့် မိမိတို့အပစ်ရပ်အဖွဲ့ သုံးဖွဲ့၏ ဘုံရည်မှန်းချက် ရပ်တည် ချက်များအကောင်အထည်ဖော်ရာတွင် ပံ့ပိုးကူညီကြရန် ပြည်သူလူထုအပါအဝင် NCA တွင် ပါဝင်နေ သောအဖွဲ့များနှင့်နိုင်ငံတကာအစိုးရများကိုလည်း တောင်းဆိုတိုက်တွန်းထားသေးသည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုမှု မတွေ့ရှိရသေးပါ။
စစ်ကောင်စီသည် ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များအား တံခါးဖွင့်ကြိုဆိုနေ ကြောင်း အမြဲမပြတ်ပြောဆို၍ နေပြည်တော်တွင် NCA နှစ်ပတ်လည်ပွဲကျင်းပပြုလုပ်ရန် တခမ်း တနားပြင်ဆင်နေသလို တစ်ဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများသို့ စစ်ကြောင်း ထိုးဝင်ရောက်၍ ပြည်သူလူထုနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းနှင့် လက်နက်ကြီးအ သုံးပြုတိုက်ခိုက်ခြင်းများ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။



















