Home သတင်း အာရှလမ်းပေါ်ရှိ စစ်ကောင်စီဆက်ကြေးဂိတ်တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးပြီးအများအပြားဒဏ်ရာရဟု ဒေါနစစ်ကြောင်းထုတ်ပြန်

အာရှလမ်းပေါ်ရှိ စစ်ကောင်စီဆက်ကြေးဂိတ်တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးပြီးအများအပြားဒဏ်ရာရဟု ဒေါနစစ်ကြောင်းထုတ်ပြန်

913
Photo: CJ

အောက်တိုဘာလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်-မြဝတီအာရှကုန်သွယ်ရေးလမ်း၊ တောနော်ရေတံခွန်အနီး ၅ တန်(ဒေသအခေါ်)တံတား စစ် ကောင်စီဆက်ကြေးကောက်ခံသည့်ဂိတ်ကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ပြောက်ကျား တိုက်ရာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း ဒေါနစစ်ကြောင်းက ယမန်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ ဆက်ကြေးကောက်ခံသည့်ဂိတ်သည် သွားလာသည့်ပြည်သူများအပေါ်‌ မတရားငွေကြေး ညှစ် တောင်းခံသဖြင့် ၎င်း‌စစ်‌ကောင်စီတပ်ဖွဲ့၏ လှုပ်ရှားမှုအခြေအနေများကို သတင်းရယူပြီး ပြောက်ကျား တိုက်ခိုက်နေရကြောင်း ပြောက်ကျားစစ်ဆင်ရေးတွင် ပါဝင်သူတစ်ဦးက ယခုလို ပြောသည်။

“အဲ့ဒီဂိတ်က စစ်ကောင်စီတပ်ဖွဲ့တွေ၊ သွားလာတဲ့ပြည်သူတွေကို မတရားငွေကြေးကောက်ခံတယ်။ အဲ့တာနဲ့ သူတို့ရဲ့လှုပ်ရှားသွားလာတဲ့အခြေအနေကို သတင်းရယူပြီး ပြောက်ကျားနည်းနဲ့ သွားရောက် တိုက်တာ ၃ ဦးသေဆုံးပြီး ဒဏ်ရာရတဲ့သူလည်းများတယ်လို့ သိရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဂိတ်တွင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် တပ်မ (၂၂) လက်အောက်ခံ (၂၀၁) တပ်ရင်းဖြစ်ကာ ၎င်းတို့၏ တည်နေရာနှင့်လှုပ်ရှားမှုအခြေအနေအရပ်ရပ်ကို စနစ်တကျသတင်းရယူပြီး sniper.338နှင့် ၄၀မမတို့ဖြင့် ချေမှုန်းတိုက်ခိုက်သဖြင့် ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်‌ ဖော်ပြထားသည်။

အလားတူ ယမန်နေ့ည ၄ နာရီဝန်းကျင်တွင် ကော့ကရိတ်မြို့အထွက် ဒေါနတောင်ခြေရှိ ရွာသစ် ကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် သွားရောက်ပစ်ခတ်ပြီး ယနေ့နံနက်တွင်လည်း ကော့နွဲတံတားထိပ်တွင် စစ်ကောင်စီတပ်များ အင်အားတိုးကာ လာရောက်တပ်ချထားနေကြောင်း ဒေသခံများက ပြောသည်။

ရွာသားတစ်ဦးက “မနေ့ကည‌ နေ ၄နာရီလောက်မှာ ရွာက စစ်ကောင်စီတပ်တွေ တော်လှန် ရေးတပ်ဖွဲ့ က ဒရုန်းနဲ့ဗုံးသီး ၂ လုံးလာကြဲချသွားတယ်။ ထိခိုက်မှုရှိလားမရှိလား မသိဘူး။ ဒီမနက်တော့ ကော့နွဲ တံတားနားမှာ စစ်ကောင်စီတွေတပ်လာချထားနေတယ်”ဟု ပြောသည်။

ကော့ကရိတ်မြို့မှ သင်္ဃန်းညီနောင်ကြား အာရှလမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် နယ်ခြား စောင့်တပ်(BGF)တို့ တပ်ချ‌ထားနေပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း (၁၈)ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်တို့ မကြာခဏ ပစ်ခတ်မှုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထို့အပြင် အာရှလမ်းမတစ်လျှောက်ရှိ ကျေးရွာအချို့နှင့် ဒူးရင်းခြံ၊ ဝဥခြံ၊ ငှက်ပျော၊ သံပုရာခြံ စသည့် သီးနှံခြံများတွင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များက နင်းမိုင်းများထောင်ထားသဖြင့် သွားလာ လုပ်စား၍မရတော့ကြောင်း ‌ဒေသခံခြံရှင်များက ပြောသည်။