Home သတင်း အထူးကွန်မန်ဒိုတပ်ရင်းမှူး ဗိုလ်စလုံး တိမ်းရှောင်နေဟု KTLA ပြော

အထူးကွန်မန်ဒိုတပ်ရင်းမှူး ဗိုလ်စလုံး တိမ်းရှောင်နေဟု KTLA ပြော

1979

အောက်တိုဘာ ၁၅ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကော်သူးလေအာမီ-KTLA ၏ အထူးကွန်မန်ဒိုတပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီးဗိုလ်စလုံးသည် တပ်အတွင်း ကျူးလွန်မိသည့် အမှားတချို့ကို ဖြေရှင်းချက်မပေးဘဲ လက်ရှိအချိန်တွင် ထွက်ပြေးတိမ်းရှောင်နေသည်ဟု အဖွဲ့တာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။

KTLA အရာရှိတစ်ဦးက “လက်နက်ကိုင်တယ်ဆိုတာက တစ်ခါတစ်လေတော့ မှားတတ်တာရှိပါတယ်။ သူပြောတာတွေက အရမ်းများတော့ သူ့ကို သွားခေါ်တယ်။ သွားခေါ်တာက အထက်လူကြီးတွေနဲ့ တွေ့ပြီး ငါတို့ကြောင့် ဒေသခံတွေ မကြောက်ဖို့အတွက် ပြန်လာဖြေရှင်းခိုင်းတာပဲ။ ဒါပေမယ့် သူက ထွက်ပြေးတိမ်း ရှောင်တယ်ဆိုတော့ ကျနော်တို့လည်း ဘာမှမတတ်နိုင်ဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

ဗိုလ်စလုံးသည် ဒေသခံလူထုများအပေါ် ခြိမ်းခြောက်ပြောဆို လုပ်ဆောင်ခဲ့မိသည့် အမှားများနှင့်ပတ်သက်၍ ဒေသခံနှင့် တွေ့ဆုံပြီး ပြန်လည်ဖြေရှင်းရန် KTLA တာဝန်ရှိသူဘက်မှ ၎င်းအား ခေါ်ယူတွေ့ဆုံသော်လည်း လာရောက်ဖြေရှင်းခြင်းမရှိသည့်အပြင် လက်ရှိအချိန်တွင် တိမ်းရှောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ပြဿနာများကို ပြန်လည်ဖြေရှင်းချက်များမလုပ်သည့်အတွက် လက်ရှိအချိန်တွင် ၎င်းအား ပေးအပ် ထားသည့် တပ်ရင်းမှူးတာဝန်ကို (၉)လကြာ ရပ်ဆိုင်းထားလိုက်ကြောင်း၊ အမှားကို ဆက်လက် ကျူးလွန်ပါ က တပ်တွင်းမှ ထုတ်ပယ်မည်ဖြစ်ကြောင်းလည်း ၎င်း KTLA တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

ယင်းသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အခြေအနေနှင့်ပတ်သက်၍ အကြောင်းရင်းအမှန်ကို သိရှိရန် ကာယ ကံရှင်ဖြစ်သူ ဗိုလ်စလုံးကို ကေအိုင်စီအနေဖြင့် ဆက်သွယ်မေးမြန်း၍ မရရှိသေးပေ။

ဗိုလ်စလုံး ဦးစီးသည့် KTLA အထူးကွန်မန်ဒို တပ်ရင်းမှ တပ်ဖွဲ့ဝင်အချို့က ၎င်းတို့အခြေစိုက်ရာဒေသတွင် အရပ်သားများအပေါ် ထိုးကြိတ်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ဒေသခံများက အဆိုပါအထူးကွန်မန်ဒို တပ်ဖွဲ့ဝင်အားလုံး ကျေးရွာထဲမှ ထွက်ခွာပေးရန် တောင်းဆိုမှုများလည်း ရှိခဲ့သည်။

“ဒီအစည်းအဝေးကို မတက်ဖြစ်တာက၊ ဖြစ်စဉ်ပြီးတဲ့နောက်ရက်မှာ ကိစ္စတွေဖြေရှင်းပြီးပေမဲ့ ဒီလူတွေက မပြီးသေးတော့ ပွဲကိုမသွားချင်တော့ဘူး။ တပ်ရင်းက မလိုတော့ရင် တစ်မိုင်နှစ်မိုင် မကဘူး။ မိုင်နှစ်ဆယ် ရွှေ့ ပေးမယ်။ ဒီကိစ္စက ဘယ်သူ့ကိုမှ မေးစရာမလိုဘူး။ စစ်ဦးစီးချုပ် နယ်ဒါးမြကိုသွားမေး။ ဗိုလ်ချုပ်နယ်ဒါးမြပြီး ရင် ကျနော်ပြီးတယ်။”ဟု ဗိုလ်စလုံးက ရွာလူထုအစည်းအဝေးကိစ္စ ကေအိုင်စီ၏ မေးမြန်းမှုကို အောက်တို ဘာ ၅ရက်နေ့က တုန့်ပြန်ပြောဆိုသည်။

၎င်းတပ်ဖွဲ့ဝင်များ အရပ်သားများအပေါ် ထိုးကြိတ်မှုဖြစ်ပွားခဲ့သည့်အပေါ် အောက်တိုဘာလ (၄)ရက်နေ့က ဒူးပလာယာခရိုင် တောနော (ဒေါန)အရှေ့ဘက်ခြမ်း၊ မောခီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၅)ရွာမှ ဒေသ ခံများနှင့် KTLA တာဝန်ရှိသူတို့နှင့်တွေ့ဆုံရာတွင် ဒေသခံများ၏ တောင်းချက်အရ ဗိုလ်စလုံး ဦးစီးသည့် အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်များအနေဖြင့် ရွာထဲမှ ထွက်ခွာရမည်ဖြစ်ကြောင်းလည်း တွေ့ဆုံပွဲတွင် ဆုံးဖြတ် ထားသည်ဟု သိရသည်။

အရပ်သားများကို ထိုးကြိတ်မှု ကျူးလွန်ခဲ့သူ KTLA အထူးကွန်မန်ဒိုတပ်ရင်း တပ်ခွဲ(၂) တပ်ခွဲမှူးဒီမို ဆိုသူကို လည်း ရာထူးမှ ထုတ်ပယ်လိုက်ကာ အပြစ်ပေး ချုပ်နှောင်ထားစဉ် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း လည်း KTLA ဘက်က ပြောဆိုသည်။

ဗိုလ်စလုံးသည် ယခင်က ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA တပ်ဖွဲ့မှ စစ်ကြောင်းမှူးတာဝန် ယူထားကာ စစ်အာဏာရှင်ကို တော်လှန်သည့်အနေဖြင့် ယခင် ဗိုလ်မှူးချုပ်စောနယ်ဒါးမြဦးဆောင်သည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့- KNDO ထံသို့ ၂၀၂၂ခုနှစ်၊ ဧပြီလတွင် ဘက်ပြောင်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရာထူးနှင့် တာဝန်ရပ်ဆိုင်းခံရသူ KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြက အသစ်ဖွဲ့စည်း လိုက်သည့် ကော်သူးလေအာမီ-KTLA ၌ ဗိုလ်စလုံး ဦးစီးသည့်စစ်ကြောင်းကို KTLA အထူးကွန်မန်ဒိုတပ်ရင်း အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။