အောက်တိုဘာ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသတွင် အွန်လိုင်းလူလိမ်လုပ်ငန်းလုပ်ကိုင်နေသူများ ထဲမှ နာမည်ထွက်ထားသူ အယောက် ၅၀ ဦးကို ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းမှစ၍ ရှမ်းပြည်နယ်ဘက်သို့ ပြောင်းရွှေ့လိုက်ကြောင်း အမည်မဖော်လိုသူ အွန်လိုင်းလူလိမ်လုပ်ငန်းနှင့်နီးစပ်သူများထံမှ သိရသည်။
အွန်လိုင်းလူလိမ်လုပ်ငန်း၊ ကာစီနိုလုပ်ငန်းများတွင် လုပ်ကိုင်ကြသူများမှ နိုင်ငံအသီးသီးက နိုင်ငံခြားသားများကို လူလိမ်ခေါ်ရာတွင် အမည်စာရင်းထွက်နေခြင်း၊ အမှုတစ်ခုခုဖြစ်ထားခြင်း နှင့် ၎င်းလုပ်ငန်းတွင် နာမည်ကြီး နေသည့် ခေါင်းဆောင်ပိုင်းများကို မြန်မာ−တရုတ်နယ်စပ် ရှမ်းပြည်နယ် လောက်ကိုင်နှင့် မူဆယ်မြို့ဘက်ခြမ်းသို့ လူအပြောင်းအလဲပြု၍ နေရာအပြောင်းအလဲလုပ်လိုက်သည်ဟု အမည်မဖော်လိုသူ အွန်လိုင်းလူ လိမ်လုပ်ငန်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းက “လောက်ကိုင်ဘက်နဲ့ မူဆယ်ဘက်ကို အွန်လိုင်းလူခေါ်လုပ်တဲ့သူ ၅၀ လောက်ရွှေ့လိုက်တယ်။ သူတို့ က ဘာဖြစ်လို့လဲဆိုတော့ လိမ်တဲ့နေရာမှာ အမှုဖြစ်ထားတဲ့လူတွေ နိုင်ငံခြားသားတွေက သိပြီးလိုက်စုံစမ်းတဲ့ နာမည်ကြီးနေတဲ့ အကြီးပိုင်းတွေကိုရွေးပြီး နေရာရွှေ့တာပဲ။ ဟိုကလူကို ဒီကိုရွှေ့၊ ဒီကလူက ဟိုဘက်သွား အဲ့လိုလူတွေအကုန်နေရာချိန်းတဲ့ပုံစံပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းလူလိမ်ငွေကြေးကာစီနိုလုပ်ငန်းများတွင် လုပ်ကိုင်နေသူများသည် နိုင်ငံ အသီးသီးရှိ နိုင်ငံခြားသားများထံမှ အကြောင်းအမျိုးမျိုးပြ၍ မြူစွယ်ပြီး ငွေကြေးလိမ်လည်ရယူခြင်းမျိုးဖြစ်ပြီး လတ်တလောတွင် အမျိုးသားများထက် အမျိုးသမီးဝန်ထမ်းများကိုသာ ပိုမိုအလုပ်ခန့်လာကြကြောင်း အွန်လိုင်း လူလိမ်ရသည့် အလုပ်ကိုလုပ်ကိုင်သူတစ်ဦးကလည်း ယခုလိုပြောသည်။
“အရင်ကဆိုလူခေါ်ရင် ချဉ်းကပ်ရတာလွယ်တယ်။ အခုကလူတစ်ယောက်ကိုစကားပြောရင် မယုံကြတော့ဘူး။ မိန်ကလေးတွေက လူပိုခေါ်လို့ကောင်းကြတယ်။ အဲ့ဒါကြောင့် အခုဆိုရင် မိန်းကလေးပဲအလုပ်ခန့်တာများတယ်။ လူလိမ်တဲ့ App တွေလည်းဝယ်သုံးလို့မရတော့ဘူး။ လုပ်ရတာက လူတွေကိုဂိမ်းကစားချင် ဒီမှာလာချင်အောင် ပြောပြီးရင် ဒီမှာအလုပ်လုပ်ချင်ပြီးဆိုရင် ငွေကြိုလွှဲခိုင်းတယ်။ ငွေရတာနဲ့အဲ့လူကို အဆက်အသွယ်ဖြတ်ပြီးရင် Block လိုက်ရင်ရပြီး”ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။
ထိုသို့ အနယ်နယ်အရပ်ရပ်မှလာရောက်ပြီး ရွှေကုက္ကိုလ်ဒေသရှိ ကာစီနိုလောင်ကစားရုံများတွင် အလုပ် လုပ် ကိုင်ကြမည့်သူများကို လူခေါ်ပေးသည့်ပွဲစားများနှင့် HR များက လူမှုကွန်ရက်စာမျက်နှာပေါ်ရှိ အလုပ် အကိုင်ရှာဖွေသည့် Group (အုပ်စု)များတွင် ပညာအရည်အချင်း၊ ကွန်ပျူတာကျွမ်းကျင်မှု၊ အင်္ဂလိပ်စကား နှင့် တရုတ်စကားစသည့်အပိုင်းများကို ရေးသား၍ ဖုန်းနံပါတ်များချထားပေးကာ လူခေါ်လျက်ရှိသည်။
အလားတူ ထိုင်း−မြန်မာနယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းကာစီနိုရုံများ အများဆုံးရှိသည့် ရွှေကုက္ကိုလ် နှင့် အင်ကြင်းမြိုင်စသည့် နေရာများကို ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့မှစ၍ ထိုင်းနိုင်ငံဘက်ခြမ်းမှ လျှပ်စစ် ဓာတ် အားဖြတ်တောက်လိုက်ခြင်းကြောင့် ၎င်းဒေသတွင် အလုပ်အကိုင်ရှားပါးမှုများရှိလာပြီး လုပ်ငန်းတချို့ လည်း ရပ်တန့်နေလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့်လအတွင်း ရှမ်းပြည်နယ် ကိုးကန့်၊ ဝအုပ်ချုပ်နယ်မြေအတွင်းရှိ အွန်လိုင်းလူလိမ်လုပ်ငန်း လုပ်ဆောင် သည့် ၎င်းတို့နိုင်ငံသားများကို တရုတ်အာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လတ်တလောတွင်လည်း ၎င်းလုပ်ငန်းတွင် ပါဝင်ဆက်စပ်နေသူ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)မှ ထိပ်ပိုင်းအရာရှိ နှစ်ဦးကိုလည်း တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးမှုသတင်းများကြောင့် စက်တင်ဘာလကုန်ပိုင်းမှစ၍ ရွှေကုက္ကိုလ်ဒေသရှိ တရုတ်ဆိုက်တွင် လုပ်ကိုင်နေကြသော အွန်လိုင်းလူလိမ်လုပ်ငန်း၊ လူခေါ်လုပ်ငန်းများကို စစ်ဆေးမည့်သတင်းများ ထွက်ပေါ်လာ သည့်အတွက် အလုပ်လုပ်ကိုင်သူလူငယ်တစ်ချို့ နေရပ်ပြန်သွားကြလျက်ရှိသည်ဟု သိရသည်။



















