Home သတင်း ကျိုက်ထိုတွင် PC မှ BGF အဖြစ် ဘက်ပြောင်းထားသူ သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

ကျိုက်ထိုတွင် PC မှ BGF အဖြစ် ဘက်ပြောင်းထားသူ သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

1067
Photo: PAN

အောက်တိုဘာ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ငြိမ်းချမ်းရေးကောင်စီ-KNU/KNLA-PC မှ နယ်ခြားစောင့်တပ် -BGF အဖြစ် ဘက် ပြောင်း ထားသူတစ်ဦး ယမန်နေ့ အောက်တိုဘာလ(၁၅) ရက်နေ့တွင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးခဲ့ ကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာနေ BGF တပ်ဖွဲ့ဝင် အသက်(၆၂) အရွယ် အောင်မျိုးလွင်(ခ) စောနန်းဦးသည် အင်္ဂဘိုကျေးရွာမှအပြန် အမည်မသိ လက်နက်ကိုင် အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ကျောနှင့်ခါးဘက်တွင် ကျည်ဖောက်ထွက် ဒဏ်ရာများရရှိခဲ့ပြီး ကျိုက်ထိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဥ် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဒေသခံအမျိုးသားတစ်ဦးက “သူက PC ကနေ အလင်းဝင်လာတာ ဖက္ကလိပ်ရွာက သူဖွင့်ထားတဲ့ စားသောက်ဆိုင်မှာလည်း သူ့ယူနီဖောင်းနဲ့ပုံတွေချိတ်ထားတယ်။ ရွှေ KTVဆိုတာနဲ့ အဲဒီ စား သောက်ဆိုင်နဲ့ တွဲဖွင့်ထားတာလေ။ အခုနောက်ပိုင်းကတော့ သူများကို ပြန်ငှား ထားတယ် ပြောတယ်။ အဲဒီနေ့က သူ့အိမ်ပြန်တယ် အိမ်သန့်ရှင်းရေးလုပ်ပြီး အပြန်မှာ အသတ်ခံရတာပါ” ဟု ပြောသည်။

၎င်း၏ ရုပ်အလောင်းအား မိသားစုဝင်များက ယနေ့အောက်တိုဘာလ ၁၆ရက်နေ့တွင် သင်္ဂြိုဟ် မည်ဖြစ်သော်လည်း ကျိုက်ထိုမြို့ပြည်သူ့ဆေးရုံမှ အလောင်းထုတ်ယူခွင့်မရသေးကြောင်း နီးစပ်သူများထံမှ သိရသည်။

“ကျနော်တို့အဖွဲ့လုပ်တာတော့ မဟုတ်ဘူး။ ကျနော်တို့လုပ်ခဲ့တဲ့မစ်ရှင်တွေဆိုရင် ထုတ်ပြန်ပါတယ်။ အဲဒီလူ အသတ်ခံရတဲ့သတင်းလည်း ကြားပါတယ်။ ကျနော်တို့အဖွဲ့ လုပ်တာတော့မဟုတ်ဘူး” ဟု အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF ၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

သေဆုံးသူသည် KNU/KNLA-PC မှ လက်နက်ငယ်များဖြင့် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က ဘက်ပြောင်း သွားသည့်နောက်ပိုင်း စစ်ကောင်စီထံမှ ထောက်ပံ့မှုအများအပြား ရရှိခဲ့သလို ၎င်းဖွင့်ထားသော စား သောက်ဆိုင်တွင်လည်း တော်လှန်ရေးအင်အားစုအချို့ စစ်ကောင်စီ၏ ပစ်ခတ်ရှင်းလင်း မှုခံခဲ့ရသည့် ဖြစ်ရပ်မျိုးရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU သထုံခရိုင်တွင် လူထုအပေါ် အနိုင်ကျင့်ဗိုလ် ကျခြင်းများ လုပ်ဆောင်နေသည့် စစ်ကောင်စီ လက်အောက်ခံများနှင့် ဒေသခံအချို့အား ပြည်သူလူထု၏ တိုင်ကြားမှုအရ သတိပေးထုတ်ပြန်ခြင်းလုပ်ဆောင်၍ သော်လည်းကောင်း၊ ပစ်ခတ်ရှင်းလင်းသည် အထိ အရေးယူ၍သော်လည်းကောင်း လုပ်ဆောင်ခဲ့ရခြင်းများရှိခဲ့သည်ဟု တော်လှန်ရေးအင်အားစုများဘက်က ထုတ်ပြန်ပြောဆိုထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ(၂၄)ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ကော့ထင်း ကျေးရွာအနီးတွင် BGF အရာရှိတစ်ဦးမောင်းနှင်လာသော မော်တော်ယာဥ်အား KRF ပါဝင်သော တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ထိုအရာရှိနှင့် အရပ်သားအမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သေးသည်။