အောက်တိုဘာ ၁၇ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
ရာဘာအစေးခြစ်လုပ်ငန်းကို စတင်လည် ပတ်သည့် ယခုလ အောက်တို ဘာလတွင် အချောပြားတစ်ပေါင်လျှင် ပေါက်စျေး ကျပ်ငွေ ၁၈ဝဝ ကျော်အထိ စျေးကောင်းပေးဝယ်နေလျက်ရှိသည်ဟု ရာဘာအဝယ်ဒိုင်များက ပြောသည်။
အထူပြားအကြမ်းတစ်ပေါင်လျှင် ကျပ် ၁၃ဝဝ ခန့်မှ အချောပြားတစ်ပေါင် ၁၈ဝဝ ကျော်အထိ စျေး ကောင်းပေး ဝယ်ယူနေလျက်ရှိပြီး ယခင်နှစ်ကထက် ရာဘာတစ်ပေါင်လျှင် ကျပ် ၅ဝဝ ကျော် စျေးပိုရနေသည်ဟု ရာဘာလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။
မွန်ပြည်နယ်မှ ရာဘာအဝယ်ဒိုင်တစ်ဦးက “ရာဘာစျေးဦးအဖွင့်က ယခင်နှစ်ကထက်စျေးပို ရတယ်ပေါ့လေ။ လုပ်ငန်းတွေပုံမှန်လည်ပတ်နေကြပါပြီ။ အခုလမှအစေးခြစ်ခါစဆိုတော့ လာရောင်း သူတွေကတော့ နည်းနေသေးတယ်။ ဒေါ်လာငွေလဲနှုန်းနဲ့ မြန်မာငွေဖောင်းဖွလာတာနဲ့ ဒီစျေး လောက်မရှိပြန်ရင် အဆင်မပြေဘူးလေးနော်။ စျေးကတော့ စောင့်ကြည့်ရအုံးမယ်” ဟု ယမန်နေ့ အောက်တိုဘာ ၁၆ ရက်တွင် ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့်နှစ်တွင် ရာဘာအထူပြားတစ်ပေါင်လျှင် ၁၁၁၀ ကျပ်ဝန်းကျင်၊ အချောပြားတစ်ပေါင်လျှင် ၁၃ဝဝ ကျပ်ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး ယခင်နှစ် ဇူလိုင်လအထိ ရာဘာတန်ချိန်ပေါင်း ၇ သိန်းကျော်ကို နိုင်ငံခြားသို့ တင်ပို့နိုင်ခဲ့သည်ဟု ရာဘာကုမ္ပဏီများထံမှ သိရသည်။

“ နိုင်ငံရေး အခြေအနေမကောင်းတော့ ရာဘာတွေလည်း ပုံမှန်မခြစ်နိုင်ကြတော့ဘူး။ အလုပ် သမား တွေလည်း ရှားသွားပြီး ခေါ်လို့မရတော့ဘူး။ စျေးကလည်း တက်လိုက် ပြန်ကျလိုက်ဆိုတော့ အဆင်မပြေဘူးပေါ့နော်။ ဒီနှစ်စျေးနည်းနည်းပိုတက်လာတော့ ခြံရှင်းခတွေ မြေဩဇာခတွေ နုတ်ပြီး အပိုဝင်ငွေလေး ပုံမှန်ပြန်ရှိလာတာပေါ့နော်” ဟု ရာဘာအစေးခြစ်တောင်သူတစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေတန်ဖိုးအဆမတန်ကျဆင်းသည့်အတွက် နိုင်ငံခြား သို့ တင်သွင်းမှီခိုနေကြရသည့် ရာဘာလုပ်ငန်းများလည်း ထိခိုက်စေခဲ့ပြီး စစ်ကောင်စီသတ်မှတ်ထားသည့် ဒေါ်လာငွေလဲလှယ်နှုန်းထားကြောင့်လည်း ကုန်သွယ်မှုမကိုက်တော့၍ နယ်စပ်လမ်းကြောင်း များတွင်သာ မှီခိုရောင်းဝယ်နေကြရသည်ဟု ရာဘာလုပ်ငန်းရှင်များထံမှ သိရသည်။



















