Home သတင်း မီးလာချိန်မမှန်သဖြင့် လျှစ်စစ်မီး အားထားလုပ်ကိုင်သူများ လုပ်ငန်းလည်ပတ်မှု ထိခိုက်

မီးလာချိန်မမှန်သဖြင့် လျှစ်စစ်မီး အားထားလုပ်ကိုင်သူများ လုပ်ငန်းလည်ပတ်မှု ထိခိုက်

763

အောက်တိုဘာ ၁၇ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံ၊ လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်များတွင် လျှပ်စစ်မီးပေးမှုအချိန်နည်းလာသော ကြောင့် လျှစ်စစ်မီးကို အားထားလုပ်ကိုင်နေကြရသော ဒေသခံများအနေဖြင့် လုပ်ငန်းလည်ပတ်မှုအပေါ် ထိခိုက်လာနေကြောင်း သိရသည်။

လျှပ်စစ်မီးကို အားထားလုပ်ကိုင်နေရသည့် ပြည်သူများသည် လက်ရှိတွင် မီးစက်ကို ပြန်လည် အားပြုလုပ်ဆောင်နေရသောကြောင့် လုပ်ငန်းများအချိန်ပြည့်လည်ပတ်မှုမလုပ်ဆောင်ကြ ရသလို ကုန်ကျစရိတ် ပိုမိုများပြားလာသည့်အတွက် လုပ်ငန်းအခက်ခဲများစွာရှိနေသည်ဟု ဝရိန်ဆော်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ယခုလိုပြောသည်။

“အစကမီးပေးတဲ့အချိန်များတော့ အဆင်ပြေတယ်။ အခုက မီးကိုတစ်နာရီတစ်ခါပေးတယ်။ ကျနော် တို့ဆီ ပစ္စည်းလာအပ်တဲ့လူတွေက အမြန်လိုချင်တော့ မီးစက်မောင်းပြီးလုပ်ပေးတယ်။ ဒါပေမဲ့ ပစ္စည်း လိုချင်တဲ့ အချိန်မရတော့ ပိုက်ဆံပေးတဲ့အခါမှာ ပိုတောင်းလို့ မရဘူး။ အရှုံးပေါ်တယ်။ အဲဒါ ကြောင့်မို့လို့ အခုက လုံးဝအဆင်မပြေဘူး”ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

အဆိုပါ မြို့နယ်များတွင် လျှပ်စစ်မီးသည် ညအချိန်တွင်သာ မီးလာချိန်ကြာ၍ နေ့အချိန်များတွင် နာရီပိုင်း သာမီးပေးသောကြောင့် လျှပ်စစ်မီးကိုအားထားလုပ်ဆောင်နေကြရသော လုပ်ငန်းများ အချိန်နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်ပေါ်ပြီး အလုပ်လာအပ်သူများလည်းနည်းလာသည်ဟု ၎င်းဝရိန်ဆော်လုပ်ငန်း လုပ်ကိုင်သူက ဆက်ပြောသည်။

ထို့အပြင် လျှပ်စစ်မီးပေးဝေမှု အချိန်နည်းလာသောကြောင့် အင်္ကျီတံဆိပ်ရိုက်လုပ်ငန်းကို လုပ်ကိုင်ရာ တွင် မီးစက်နိုး၍ လုပ်ကိုင်နေရသောကြောင့် လုပ်ငန်းအရှုံးပေါ်နေပြီး အဆင်မပြေခက်ခဲကြောင်း တံဆိပ် ရိုက် လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကလည်း ကေအိုင်စီသို့ ပြောသည်။

၎င်းက “အထည်တွေများတဲ့အခါ သူတို့လိုချင်တဲ့အချိန်မပြီးမှာစိုးလို့ မီးမလာတဲ့အခါ မီးစက်နိုးပြီး ကျနော်တို့ လုပ်ရတယ်။ အဲလိုလုပ်ရတော့ ကျနော်တို့အစက သတ်မှတ်ထားတဲ့စျေးနဲ့ လုံးဝ မကိုက် တော့ဘူး ပြောပြီးသားဈေးကို ထပ်တောင်းလို့လည်းမရတော့ ကျနော်တို့အများကြီးရှုံးတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို လျှပ်စစ်မီးပြတ်တောက်မှုနှင့် မီးပုံမှန်မရရှိမှုများရှိနေသော်လည်း လျှပ်စစ်မီတာခများကိုမူ ယခင် ကထက် တိုးပေးနေရပြီး မီတာခအပြည့်မဆောင်သောအိမ်များနှင့် လုံးဝမဆောင်သောအိမ်များကို ငွေဒဏ်ရိုက်ခြင်းနှင့် မီတာပုံးများသိမ်းဆည်းခြင်းတို့ကို ပြုလုပ်မည်ဟုလည်း စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနမှ ဝန်ထမ်းများက မီတာစာဖတ်သည့်အခါ သတိပေးပြောဆိုမှုများရှိကြောင်း ဒေသခံများက ပြောသည်။

အလားတူကဲ့သို့ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့နယ်တွင်လည်း ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာ လမှ ၂၀၂၃ခုနှစ် ဧပြီလအထိ ၅ လကြာ လျှပ်စစ်မီး ပြတ်တောက်သောကြောင့် မြို့ပေါ်ရှိ လျှစ်စစ်မီး အားထားအသုံးပြုနေကြသော လုပ်ငန်းများအနေဖြင့် စားဝတ်နေရေး အဆင်မပြေသည့် အခက်အခဲများ ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်မျိုးများရှိခဲ့ကြောင်းလည်း လျှပ်စစ်မီးနှင့် လုပ်ငန်းလုပ်ကိုင်နေသူဒေသခံများက ပြောဆိုခဲ့ဖူးသည်။