Home သတင်း မိုင်းရှင်းခကောက်ခံမှု မဟုတ်မှန်ကြောင်း လယ်သမားများကို စစ်ကောင်စီထောက်ခံသူများ ငြင်းဆိုလက်မှတ်ရေးထိုးခိုင်း

မိုင်းရှင်းခကောက်ခံမှု မဟုတ်မှန်ကြောင်း လယ်သမားများကို စစ်ကောင်စီထောက်ခံသူများ ငြင်းဆိုလက်မှတ်ရေးထိုးခိုင်း

780

အောက်တိုဘာ ၂၅ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ရှိ ကျေးရွာအချို့တွင် ထောင်ထားသော မိုင်းများကိုဖယ်ရှားရန် ရာအိမ်မှူးများက မိုင်းရှင်းခကောက်ခံနေသည့်သတင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုရန် စစ်ကောင်စီထောက်ခံသူများက အောက်တို ဘာလ တတိယပတ်တွင် လက်မှတ်ထိုးခိုင်းနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။

ဝေါမြို့နယ်၊ လက်ပံ၊ အုတ်ဖို၊ ပေါက်တန်းကျေးရွာများရှိ လှည်းလမ်းများနှင့် လယ်ခင်းများအနီးတွင် ထောင်ထားသော မိုင်းများအား စပါးရိတ်သိမ်းမည်ဖြစ်သဖြင့် ဖယ်ရှားပေးရန် လယ်သမားများက ရာအိမ်မှူးများထံ တောင်းဆိုခဲ့သည်။

ယင်းသို့ မိုင်းရှင်းရန်တောင်းဆိုမှုအတွက် မိုင်းရှင်းလင်းခပေးရန် လယ်သမားတစ်ဦးလျှင် ငွေကျပ်သောင်းဂဏန်းစီ ကောက်ခံခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုမှုအပေါ် မြေလတ်အသံ သတင်းစာမျက်နှာ၌ ဖော်ပြထားသည်။

စက်တင်ဘာလပိုင်းမှစ၍ စစ်ကောင်စီခန့် ကျေးရွာအုပ်စုများမှ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၏ မိုင်းရှင်းငွေကောက်ခံခဲ့ ခြင်းကြောင့် လယ်စိုက်တောင်သူပေါင်း ၁၀၀၀ကျော် ငွေပေးဆောင်ခဲ့ရသော်လည်း ယခုအချိန်ထိ မိုင်းရှင်းလင်းပေးခြင်း မရှိသေးသလို ငွေကောက်ခံမှုသတင်း ထွက်ပေါ်လာပြီးနောက် မပေးဆောင်ရကြောင်း လက်မှတ်ထိုးရန် စေခိုင်းမှုကိုပါ လုပ်ဆောင်နေကြသည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက “အဲဒီတောင်းတဲ့သူတွေက စစ်တပ်ခန့်ထားတဲ့ ပျူစောထီးတွေ။ အခု နောက်ပိုင်း သတင်းတွေထွက်လာပြီးတော့ ပိုက်ဆံမတောင်းတော့ဘူး။ ဒါပေမဲ့ လယ်သမားတွေကို ငွေတစ်ခါမှ မပေးရပါဘူးဆိုပြီးတော့ သတင်းတက်ပြီး နောက် ရက်ပဲ ရုံးကိုခေါ်ပြီး လက်မှတ်ထိုးခိုင်းတယ်။ မိုင်းတွေကတော့ အခုထိ ရှင်းမပေးပါဘူး။ လက်ပံမှာ မိုင်းတွေထောင်ထား တာ အများဆုံးပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့ထောင်ထားခဲ့သည့် မိုင်းများကို လာရောက်ရှင်းလင်းခြင်း မရှိသေးသဖြင့် စပါးရိတ်သိမ်း ချိန် ရောက်ရှိနေပြီဖြစ်သော်လည်း စပါးရိတ်သိမ်းရန် အခက်တွေ့နေရကြောင်း တောင်သူလယ်သမားများကလည်း ပြောဆိုကြသည်။

ပဲခူးတိုင်းသည် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှု ပိုမိုရရှိရန် စစ်ရေးအရှိန်အဟုန်မြှင့်ကာ လှုပ်ရှားနေသော ဒေသဖြစ်သလို စစ်ကောင်စီကလည်း ကျေးရွာအလိုက် လူစုဆောင်းကာ ပြည်သူ့စစ် (ခေါ်) ပျူစောထီးများကို သင်တန်းပေး၍ လက်နက်တပ်ဆင်ကာ အင်အားတိုးချဲ့မှု တည်ဆောက်နေသော ဒေသလည်းဖြစ်သည်။

ထို့အတူ ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း လူထုအား ခြိမ်းခြောက်အနိုင်ကျင့်နေသည့် ပျူစော ထီးများအား မကြာခဏ သတိပေး ခြိမ်းခြောက်မှုနှင့် ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည်ဟု တော်လှန်ရေးအင်အားစု များ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၏ တာဝန်ရှိသူက “လက်ပံရွာဘက်က လယ်သမားတွေ စပါးရိတ်သိမ်း ချိန် လယ်ထဲဆင်းဖို့ မိုင်းတွေရှင်းပေးဖို့ တောင်းဆိုတာ၊ ငွေပေးရတဲ့သတင်းတွေက ကျနော်တို့လည်း သိရတယ်။ ဒါ အမှန်ပဲ။ ပြည်သူတွေ လာတိုင်ကြားတာတော့ မရှိသေးဘူး။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ပြည်သူကို ဒုက္ခပေး လာရင်တော့ အရေးယူ ဆောင်ရွက်ဖို့ရှိမှာပါ။”ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလပိုင်းအတွင်း လက်ပံကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံရ အပြီး ၎င်းတို့၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေသည့် လက်ပံရွာနှင့်အနီးရှိ ဒေသခံများ ကို နေရပ်မပြန်ပါက ပိုင်ဆိုင်မှုများသိမ်းယူမည်ဟု စစ်ကောင်စီဘက်က ခြိမ်းခြောက်ခဲ့သေးသည်။