Home တွေ့ဆုံမေးမြန်းခန်း ညောင်လေးပင်ခရိုင်၏ ပြောခွင့်ရ ပဒိုစောခါလ်မဲနှင့် ဆက်သွယ်မေးမြန်းချက်

ညောင်လေးပင်ခရိုင်၏ ပြောခွင့်ရ ပဒိုစောခါလ်မဲနှင့် ဆက်သွယ်မေးမြန်းချက်

694

“ရန်သူရဲ့ လှုပ်ရှားမှုက ရပ်တန့်မသွားဘူး။ ဆက်ပြင်းထန်လာဖို့ပဲရှိမယ်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ ဘက်ကလည်း နယ်မြေစိုးမိုးရေးအတွက် တဆင့်ချင်းကို ဝင်ရောက်နေ တာဖြစ်တဲ့အတွက် ပြောရ မယ်ဆိုရင် စစ်တောင်းမြစ်ရဲ့ အနောက်ဘက်ကမ်းအထိ ဝင်ရောက်ပြီးဖြစ်တဲ့အတွက် တိုက်ပွဲကတော့ ဆက်ဖြစ်နေအုံးမှာပဲ။” ပဒို စောခါလ်မဲ (ကေအဲန်ယူ ညောင်လေးပင်ခရိုင်)

ယခုနှစ်ဆန်းပိုင်မှစ၍ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၃) နယ်မြေတွင် အခြားသော ကေအဲန်ယူတပ်မဟာများထက် နှစ်ဖက်တိုက်ပွဲပိုပြင်းထန်လာပြီး စစ်ကောင်စီ ဘက်မှလေကြောင်း၊ လက်နက်ကြီးပစ်ကူများပါ အများအပြားအသုံးပြုလာရသည့်အထိ တိုက်ပွဲပြင်း ထန်နေကာ အဆိုပါ ဒေသတွင်း နှစ်ဖက်တိုက်ပွဲ အခြေအနေများနှင့် ဒေသခံပြည်သူများ၏ စစ်ဘေး ရှောင်နေရသည့် အခြေအနေ၊ အခက်အခဲများအပြင် တိုက်ပွဲ၏ အလားအလာ အခြေအနေများကို ခရိုင် ၏ ပြောခွင့်ရ ပဒိုစောခါလ်မဲ နှင့် ဆက်သွယ်မေးမြန်းထားသည်။

မေး- ပြီးခဲ့သည့်လတွေကတည်းက ကေအဲန်ယူ တပ်မဟာ အားလုံးထဲမှာမှ တပ်မဟာ(၃)မှာ တိုက်ပွဲတွေ ပိုပြင်းထန်တာတွေ့ရတယ်။ ဘာကြောင့် တပ်မဟာ (၃)မှာ တိုက်ပွဲတွေပြင်းထန်နေရလဲ။
ကျနော်တို့ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေမှာ အခုရန်သူစစ်တပ်ကို မောင်းထုတ် ပစ်နေတာပေါ့။ ဒီလိုတိုက်ထုတ်ပစ်တဲ့နေရာမှာ သူတို့လာပြီး အခြေစိုက်ထားတဲ့ ကျနော်တို့ တိုက်ထုတ် ပစ်နေတဲ့ သူတို့ရဲ့ အခြေစိုက်စခန်းတွေဟာ သူတို့အတွက် အရေးကြီးတဲ့ စစ်တပ်စခန်းတွေဖြစ်သလို ကျနော်တို့ ထိန်းချုပ်နယ်မြေထဲက တောင်ပေါ်ဒေသမှာရှိတဲ့ သူတို့ စစ်သားတွေအတွက် အရေးကြီး တယ်။ ဒီအခြေစိုက်စခန်းတွေသာမရှိရင် အပေါ်မှာရှိတဲ့ သူတို့အတွက် စိုးရိမ်စရာဖြစ်လာတဲ့အတွက် ကျနော်တို့ တိုက်တဲ့အခါမှာ သူတို့က လေကြောင်းတွေ လက်နက်ကြီးတွေ အများအပြား အသုံးပြုပြီးတော့ ပြန်တုန့်ပြန်တာတွေ့ရတယ်။

ပြောရမယ်ဆိုရင် ကျနော်တို့ နယ်မြေက စိုးမိုးနယ်မြေအတွက် အခြေချဖို့က အဓိကကျတဲ့ နေရာ တွေဖြစ်တဲ့အတွက် ဒီနေရာတွေက သူတို့အတွက် အရေးကြီးတဲ့ နေရာတွေဖြစ်တော့ တိုက်ပွဲက ပြင်းထန်ရခြင်း ဖြစ်တယ်။ဒီလို တိုက်ပွဲ ပြင်းထန်တဲ့အပေါ်မှာ သူတို့အနေနဲ့ သူတို့ တပ်စခန်းတွေ မပျောက်ဖို့အတွက်က လက်နက်တွေအမြောက်အများသုံးနေတာလည်းဖြစ်တယ်။

မေး- စကစဘက်က လေကြောင်းကိုလည်း အတော်လေးအသုံးပြုခဲ့တာတွေ့ရတယ်။ သူတို့ လေ ကြောင်း ပစ်ကူအသုံးပြုရတဲ့အခြေအနေကကော ဘာကြောင့်ပါလဲ။
ပြန်ကြည့်မယ်ဆိုရင် သူတို့သာ လေယာဉ်ကိုသာ မသုံးရင် လက်နက်ကြီးတွေသာ မသုံးရင် ဒီမှာရှိတဲ့ သူတို့ရဲ့ လူတွေရဲ့ စခန်းကို မိနစ်ပိုင်းအတွင်း တက်သိမ်းနိုင်တယ်။ အဲ့အတွက် ဒါကို ခုခံကာ ကွယ်နိုင်ဖို့အတွက်က သူတို့ကလေယာဉ်ကိုသုံးတယ်။ လက်နက်ကြီးတွေကို သုံးတယ်။ ပြီးတော့ သူတို့ တပ်ဖွဲ့စည်းပုံအရကလည်း အဲ့လောက် အင်အား မပြည့်ဘူး။ အဲ့ဒါကြောင့် လက်နက်ကြီးတွေနဲ့ ပစ်ကူရတာဖြစ်တယ်။

မေး- ဒီကနေ့ အချိန်ထိ လေကြောင်း တိုက်ခိုက်မှု အကြိမ်ရေ ဘယ်လောက်ရှိပြီးလဲ။ လူတွေ၊ နေအိမ် တွေ၊ ကျောင်းတွေ ထိခိုက်ပျက်စီးမှုအနေနဲ့ ကကော ဘယ်လောက်ဆိုးဝါးနေသလဲ။
၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ဒီကနေ့အထိက လေကြောင်း တိုက်ခိုက်မှု ၁၀၃ ကြိမ် အထိ လာပစ်သွားတယ်။ အဲ့ထဲမှာက ဒရုန်းနဲ့ ပစ်တာလည်းပါတာပေါ့။ ဒါပေမဲ့ လေယာဉ်နဲ့ပဲ ပစ်တာက ၉၂ ကြိမ် နဲ့ ဒရုန်းနဲ့က ၁၁ ကြိမ် လာပစ်တယ်။

အဲ့ဒီလေကြောင်းလာပစ်တာကြောင့် အရပ်သား ၁၂ ယောက်ထိပြီးတော့ ၂ ယောက်သေတယ်။ ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းထိတယ်။ အရပ်သားနေအိမ်တစ်လုံး နဲ့ စာသင်ကျောင်း ၂ ကျောင်း မူကြိုကျောင်းတစ်ကျောင်းအပြင် နေအိမ် ၁၀ လုံးပျက်ပြီးတော့ ဒေသတွင်း အဆောက်အဦး ၄ လုံးလည်း ပျက်သွားတယ်။ ဒါတွေက လေကြောင်းကြောင့် ဖြစ်သွားတာ။ ဒါပေမဲ့ လက်နက်ကြီးနဲ့ ပစ်တာက အလုံးပေါင်း ၁၅၀၀ ရှိတယ်။ အကြိမ်ရေအားဖြင့် ၃၀၀ လောက်ရှိတယ်။ အဲ့မှာ ဒေသခံ ၇၈ ယောက်ထိခိုက်တယ်။ ၁၈ ယောက်တော့ သေတယ်။ အရပ်သား နေအိမ် ၇၉ လုံးပျက်စီးတယ်။

မေး- တိုက်ပွဲက ဆက်တိုက်ပြင်းထန်နေတော့ ဒေသခံ စစ်ရှောင်တွေအခြေအနေကကော ဘယ်လိုတွေရှိနေလဲ။
အခု တိုက်ပွဲတွေက ပြင်းထန်နေတော့ ကျနော်တို့ ပြည်သူတွေ အဓိက စားနပ်ရိက္ခာ အခက်အခဲ ကြုံနေရတာတွေ ရှိတယ်။ ပြီးတော့နေဖို့ထိုင်ဖို့က လောလောလတ်လတ် နေ့တိုင်းကြုံနေရတာပေါ့။ စားနပ်ရိက္ခာပိုင်းတော့ ကျနော်တို့ ကေအဲန်ယူအနေနဲ့ တတ်နိုင်သလောက်တော့ အရေးပေါ်ကူညီရေး ကော်မတီတစ်ခုကို ဖွဲ့ပြီးတော့ ပြေးလွှားတိမ်းရှောင်နေရတဲ့ ကျနော်တို့ ပြည်သူတွေ လိုအပ်တဲ့ စားနပ် ရိက္ခာတွေကို တစ်ဖက်တစ်လမ်းက ကူညီပေးတယ်။ ပြီးတော့ CIDKP၊ CORD နဲ့ FBR လိုအဖွဲ့ အစည်းတွေကလည်း ကျနော်တို့ ဘက်က လူဦးရေ နဲ့ လိုအပ်ချက်တွေကို တင်ပြလိုက်တဲ့အပေါ်မှာ သူတို့ အစီအစဉ်နဲ့ သူတို့ လိုအပ်တဲ့ အစားအသောက် လိုအပ်ချက်တွေကို တတ်နိုင်သလောက် ကူညီပေးပြီးတယ်။ လုံလုံလောက်လာက် မဟုတ်ရင်တောင် တတ်နိုင်သလောက် ကူညီပေးတယ်။

ဒီလိုအခြေအနေမျိုးမှာ အခက်အခဲရှိနေကြတယ်ဆိုပေမဲ့ ကျနော်တို့ရဲ့ လမ်းညွန် စည်းရုံး ပြောဆိုမှုကြောင့်လည်း ပြည်သူတွေ အချင်းချင်းကြား ကူညီ ရိုင်းပင်း စောင့်ရှောက် ပေးကြတာလည်းရှိပါတယ်။ အခက်အခဲ ရှိပေမဲ့လည်း ကျနော်တို့ ကျော်လွှာနိုင်တုန်းပဲပေါ့။

မေး- ကေအဲန်ယူ ထုတ်ပြန်ချက်အရ ညောင်လေးပင်ခရိုင်မှာ စစ်ရှောင် ၂ သိန်းကျော်ရှိတယ်။ အဲ့လူတွေအတွက် ဘယ်လို တာဝန်ယူ ကူညီဆောင်ရွက်ပေးနေရတာမျိုးရှိလဲ။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျနော်တို့ ပြည်သူတွေအနေနဲ့ လုပ်ကိုင် စားသောက်ဖို့က အခက် အခဲရှိလာတယ်။ ဘာဖြစ်လဲဆိုတော့ တစ်ဖက်မှာက ရန်သူစစ်တပ်ဘက်က လေကြောင်းရော လက် နက်ကြီးပါ ပစ်ခတ်ခြိမ်းခြောက်နေတော့ သူတို့မှာ နေရာတွေ လိုက်ရွှေ့ပြောင်းနေကြရတယ်။ သူတို့ လုပ်ကိုင်စားသောက်တဲ့ နေရာတွေကို မပြန်လာရဲကြဘူး။ ပြန်လာရဲတဲ့သူတချို့တော့ရှိတာပေါ့။

အခုပြန်ကြည့်မယ်ဆိုရင် စစ်တောင်းမြစ် အရှေ့ အနောက်မှာရှိတဲ့ ပြည်သူတွေက ရေကြီးတဲ့ အတွက်ကြောင့် စပါးရိတ်သိမ်းရမဲ့ အချိန်ရောက်ပေမဲ့ ရေထဲမှာ ရှိနေတော့ သူတို့ရဲ့ လာမယ့် အနာဂတ် အသက်မွေးဝမ်းကျောင်းအတွက်က အခက်အခဲ ကြီးကြီးမားမားကို ဖြစ်စေတယ်။

အလားတူ အခုလို ထွက်ပြေးနေရတော့ သူတို့ ကလေးတွေမှာလည်း ကျောင်းတွေ ကောင်း ကောင်းမနေရဘူး။ ဒါကလည်း ကလေးလူငယ်တွေအတွက် အခက်အခဲဖြစ်စေတယ်။ ဒီလို အခက်အခဲ တွေ ကြုံတွေ့လာရပြီးဆိုတော့ ကျနော်တို့ ဒေသတွင်းက တာဝန်ရှိသူတွေအနေနဲ့ကလည်း ဖြစ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ပြည်သူတွေနဲ့ အနီးကပ်နေပြီးတော့ လိုအပ်တာတွေကို မဖြစ် ဖြစ်အောင် ကြည့်ရှု စောင့်ရှောက်နေပါတယ်။ ဒါပေမဲ့ ဒါက ရေတိုလောက်ပဲ အဆင်ပြေနိုင်ပေမဲ့ ရေရှည်အတွက်ကျတော့ စိန်ခေါ်မှု ကြီးကြီး မားမားရှိနေတယ်။ သူတို့အတွက် စားနပ်ရိက္ခာတွေ နေထိုင်မဲ့နေရာတွေ ကျန်းမာရေး အတွက် ဆေးဝါးတွေကလည်း ကြီးကြီးမားမား လိုအပ်နေဆဲ ဖြစ်တယ်။

မေး- စစ်ကောင်စီတပ်ဘက်ကကော ဘယ်လိုပုံစံနဲ့ စစ်ရေးလှုပ်ရှားလာတာမျိုး မြင်တွေ့ရလဲ။
ရန်သူရဲ့ စစ်ရေးလှုပ်ရှားမှု ပုံစံက ကျနော်ဟိုတစ်ရက်က ကွင်းထဲဆင်းတော့ သိရတာက သူတို့က ရွာတွေကို မီးရှိုဖို့ ဓါတ်ဆီတွေပါ ယူလာကြတယ်။ ပြောရမယ်ဆိုရင် အရပ်သားပြည်သူတွေကို ပစ်မှတ် ထား တိုက်ခိုက်သလို အရပ်သားတွေရဲ့ နေအိမ်ကပစ္စည်းတွေကို ခိုးယူသွားတာ ယူလို့ရသမျှအားလုံးကို ယူသွားကြတယ်။ အကုန်ပြောရရင် သူတို့ရဲ့ လှုပ်ရှားမှုပုံစံက ဓါးပြအဆင့်သာသာ ပုံစံ လုပ်ဆောင် နေတာလို့ ပြောလို့ရတယ်။

မေး-အခုလို စစ်ကောင်စီဘက်က လေကြောင်းတွေ၊ လက်နက်ကြီးတွေကို အားထား အသုံးပြုနေတဲ့ ကာလမှာ အရပ်သားတွေကို အကာအကွယ်ပေးမှု အစီအမံအနေနဲ့က ဘယ်လို စီစဉ်ဆောင်ရွက်ပေးတာမျိုးရှိလဲ။
တကယ်လို့ လေကြောင်းဖြစ်စေ လက်နက်ကြီးဖြစ်စေ ဒေသတွင်း ကျေးရွာတွေမှာ အသိပညာ ပေးလိုက်လံ ပေးတာမျိုးရှိတယ်။ ရွာတိုင်းလိုလို လုပ်ပေးတာရှိတယ်။ ပြီးတော့ အိမ်တိုင်းမှာ ဗုံးခို ကျင်းတွေ တူးထားဖို့ ညွှန်ကြားထားတယ်။ ပြောတဲ့အပြင် စာပါ ထုတ်ပြန်ပြီး သတိပေး ထားတာမျိုး ရှိတယ်။ ဒီလို လေကြောင်းအပြင် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကနေ အသေအပျောက် မရှိစေဖို့ အတွက် လိုက်လံအသိပေး နှိုးဆော်တာမျိုးလည်း လုပ်ဆောင်ပေးတာမျိုးရှိပါတယ်။

ပြီးတော့ ထိခိုက်ဒဏ်ရာရမှု ရှိလာခဲ့မယ်ဆိုရင်လည်း ကျနော်တို့က ရွာတွေမှာ ဆေးခန်းလေးတွေ လိုက်ပြီး ဆောက်ပေးထားတာမျိုးရှိတယ်။ ထိခိုက်မှု အသေးစားတွေကတော့ အဲ့ဆေးခန်းတွေက တာဝန် ယူ ကုသပေးပြီးတော့ တကယ်လို့ ဖြတ်တောက် ခွဲစိတ်ရတာမျိုးရှိလာရင်တော့ တစ်ဆင့်ချင်း နောက်တန်းရုံးမှာ ရှိတဲ့ ဆေးရုံတွေကို ပို့ပေးတာမျိုးရှိတယ်။ အဲ့ဒါကြောင့် မြို့နယ် ၃မြို့နယ်ထဲမှာ အချိန်သတ်မှတ်ပြီး အစည်းအဝေးခေါ်ယူပြီးတော့ အသိပညာပေးတာမျိုးလုပ်ဆောင်ပါတယ်။

မေး- စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်တဲ့အခါမှာ ဘယ်လိုနေရာတွေကို ပစ်မှတ်ထားပစ်ခတ်တာမျိုး တွေ့ရလဲ။
သူတို့က လက်နက်ကြီးပစ်ရင် ရွာတွေထဲကို ပစ်တာ။ ပြည်သူတွေရဲက တောင်ယာ လယ် ယာခင်းတွေကို ပစ်မှတ်ထားပြီး ပစ်တယ်။ ပြီးတော့ ဒေသခံ ၁၄၃ ယောက်ကိုလည်း ဖမ်းဆီးခဲ့ဖူးတယ်။ ဒါက ဇူလိုင်လနဲ့ ဩဂုတ်လက စာရင်းပါ။ အခုလည်း ဖမ်းဆီးတာတွေရှိတယ်။ ဒါပေမဲ့ စာရင်းတွေကို ပြန် ကြည့်မှရမယ်။ သတ်ဖြတ်တာလည်းရှိတယ်။ ၂၅ယောက် သတ်ဖြတ်ခံရတယ်။

မေး- အခု စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးအပြင် မြေပြင် စစ်ရေးလှုပ်ရှားမှု အခြေအနေကကော ဘယ်လိုရှိနေလဲ။ တိုက်ပွဲရဲ့ရှေ့အလားအလာကော ဘယ်လိုရှိပါသလဲ။
ရန်သူစစ်တပ်ရဲ့လှုပ်ရှားမှုကတော့ နေ့တိုင်းရှိနေတယ်လို့ ပြောလို့ရတယ်။ ဒီလ ၁၈ ရက်နေ့ ကလည်း ကျနော်တို့ နေရာက ၆ နေရာလောက်ကို လာပစ်သေးတယ်။ ဒါကြောင့် ရန်သူ စစ်တပ်ရဲ့ လှုပ်ရှားမှုက ပိုပြင်းထန်လာဖို့ပဲ ရှိမယ်လို့ ကျနော်တို့နားလည်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ဘက်က အထိနာရင် ကျနော်တို့ကို လေယာဉ် နဲ့ လာပစ်တယ်။ သူတို့ဘက်က အသေအပျောက်များ ရင်လည်း လက်နက်ကြီး နဲ့ လေယာဉ်နဲ့ လာပစ်တယ်။

အဲ့တော့ ကွင်းပြင်မှာရှိတဲ့ ကျနော်တို့ ဒေသခံတွေကတော့ ညတိုင်းလိုလို စိုးရိမ်စိတ်နဲ့ အိပ်နေကြရတုန်းပဲ။ ဘယ်အချိန် လက်နက်ကြီး ကျလာမလဲ ဆိုတာကို အမြဲစိုးရိမ်နေရတယ်။ ကျနော်ကိုယ်တိုင်လည်း ကွင်းထဲ ဆင်းကြည့်တော့ အရပ်သားတွေမှာ စိုးရိမ်စိတ်နဲ့ အိပ်နေရတုန်းပဲ။ ဘာဖြစ်လဲဆိုတော့ လက်နက်ကြီးက ဘယ်ကနေ လာမလဲ မသိရဘူးလေ။

အဲ့တော့ ပြောရမယ်ဆိုရင် ရန်သူရဲ့ လှုပ်ရှားမှုက ရပ်တန့်မသွားဘူး။ ဆက်ပြင်း ထန်လာဖို့ပဲရှိမယ်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ဘက်ကလည်း နယ်မြေစိုးမိုးရေးအတွက် တဆင့်ချင်းကို ဝင်ရောက်နေတာဖြစ်တဲ့အတွက် ပြောရမယ်ဆိုရင် စစ်တောင်းမြစ်ရဲ့ အနောက် ဘက်ကမ်းအထိ ဝင်ရောက်ပြီးဖြစ်တဲ့အတွက် တိုက်ပွဲကတော့ ဆက်ဖြစ်နေအုံးမှာပဲ။