Home သတင်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း မကြာခဏ ပြတ်တောက်၍ သံတောင်မြောက်ပိုင်း ဒေသခံများ ဆက်သွယ်ရေးခက်ခဲနေ

ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း မကြာခဏ ပြတ်တောက်၍ သံတောင်မြောက်ပိုင်း ဒေသခံများ ဆက်သွယ်ရေးခက်ခဲနေ

1034
Photo: CJ

အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့မြောက်ပိုင်း၊ လိပ်သိုဒေသအတွင်း စစ်ကြောင်းထိုးဝင်ရောက်မှုများနှင့် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားမှုတို့ကြောင့် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း မကြာခဏ ဖြတ်တောက်ခံရ၍ ဆက်သွယ်ရေးအတွက် ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA အပါအဝင် သံတောင်မြောက်ပိုင်း အထူးဒေသကာကွယ်ရေးတပ်ဖွဲ့-NTDF၊ အခြားတော်လှန်ရေးအင်အားစုများ နှင့် စစ်ကောင်စီတို့၏ အာဏာသိမ်းကာလအတွင်း တိုက်ပွဲများနှင့် စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုများအပြင် လိပ်သိုဒေသအဝင်အထွက်ကို စစ်ဆေးရေးတင်း ကြပ်ထားခြင်းများကြောင့် ဒေသခံပြည်သူများ လုံခြုံရေးနှင့်သွားလာရေး ခက်ခဲရသည့်ကြားမှ ဖုန်းနှင့်အင်တာနက်လိုင်းများပါ ဖြတ်တောက်ခံ နေရခြင်းဖြစ်သည်။

ဒေသခံအမျိုးသားတစ်ဦးက “ဖုန်းလိုင်းတွေက သူတို့(စစ်တပ်)ပိတ်ထားတာ၊ ဒီမှာ သူတို့စစ်ကြောင်းထိုးလာတာနဲ့ ပိတ်တယ်။ သူတို့လှုပ်ရှားမှုဖြစ်တာနဲ့ ပိတ်တယ် ဖုန်းလိုင်းရော အင်တာနက်လိုင်းရော ဘာမှမရဘူး။ ဝိုင်ဖိုင်လည်းပိတ်၊ အကုန်ပိတ်တယ်။ ကျနော်တို့ဘက်ဆို သံတောင်မြောက်ပိုင်းပေါ့ ဒီမှာ တယ်လီ နောပဲသုံးလို့ရတယ်။ ကျန်တာတွေအကုန်ပိတ်ထားတယ်။” ဟု ပြောသည်။

MPT, Mytel, Telenor(Atom), Oredoo အစရှိသည့် အော်ပရေတာအများအပြားရှိသည့်အနက် အချို့နေရာများတွင် တယ်လီနော ဖုန်းလိုင်းတစ်ခုတည်းသာ ရရှိသလို တချို့နေရာများတွင်လည်း Mytel အသုံးပြုမှရကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။

ထို့ကြောင့် ဖုန်းလိုင်းများဖြတ်တောက်ခံထားရစဥ် အရေးကြီးကိစ္စရှိလာပါက ဖုန်းလိုင်းရနိုင်သော မြို့နှင့်နီးသည့်ဘက်သို့ သွားရောက်ဆက်သွယ်ရကြောင်း ဒေသခံများက ဆိုသည်။

“အကြောင်းကိစ္စအရေးကြီးလို့ ဖုန်းပြောချင်ရင် တောင်ငူဘက် ဒါမှမဟုတ် ရေတာရှည်ဘက် နီးအောင်သွားရတယ်။ ကျနော်တို့ရွာဘက်နဲ့တော့ နည်းနည်းဝေးတာပေါ့။ ဖုန်းလိုင်းအခက်အခဲကတော့ သံတောင်မြောက်ပိုင်း အထူးဒေသ တစ်ကျောလုံးပဲ” ဟု နောက်ထပ်ဒေသခံတစ်ဦးကလည်း ကေအိုင်စီသို့ ပြောသည်။

ကရင်နီ(ကယား)နယ်စပ်၊ နေပြည်တော် ပျဥ်းမနားဒေသနှင့် နယ်နိမိတ်ချင်း နီးကပ်နေသော သံတောင်ကြီးမြို့မြောက်ပိုင်းအစွန်တွင်လည်း ဆက်သွယ်ရေ အခက်အခဲအပြင် စစ်ကောင်စီ၏မြေမြှုပ်မိုင်း အန္တရာယ်များကြောင့် ထိခိုက် ဒဏ်ရာရရှိသူများနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင် နေရသူများလည်းရှိနေသည်ဟု ဒေသခံများက ပြောသည်။

မြောက်ပိုင်းအခြေစိုက် ပူးပေါင်းတော်လှန်ရေးအင်အားစုများကလည်း စစ်ကောင်စီ၏နေပြည်တော်နယ်မြေကို ထိုးဖောက်ဝင်ရောက်နိုင်ရန် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိနေသလို ပြီးခဲ့သည့် ဩဂုတ်လပိုင်းက ပျဥ်းမနားအရှေ့ဘက် တောင်တန်းဒေသရှိ စစ်ကောင်စီ၏ ဘို့မသံတောင်စခန်းအား တိုက်ခိုက်၍ သိမ်းပိုက်ဖျက်ဆီးခဲ့သေးသည်။

ထို့အတူ ယခု အောက်တိုဘာလ(၂၃)ရက်နေ့က နေပြည်တော်နယ်မြေ၊ ကရင်ဖြူဒေသ လက်ဖက်တောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား KNLA နှင့် NTDF လက်အောက်ရှိ ကျားသံလုံစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်များမှ သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သုံးပစ္စည်းများအား သိမ်းယူနိုင်ခဲ့ကြောင်း ၎င်းအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။