အောက်တိုဘာ ၁၃ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ထဲတွင် ယခုနှစ်အတွင်း အိမ်ခြံမြေစျေးမှာ အဆမတန် မြင့်တက်လာနေသည်ဟု အိမ်ခြံမြေ အရောင်းအဝယ် လုပ်ကိုင်နေသူများနှင့် မြို့ခံများ၏ ပြောဆိုချက်များအရ သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် တစ်ကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ သော်လည်း ဖားအံမြို့ထဲတွင် အိမ်ခြံမြေဝယ်ယူသူ များပြားလာပြီး အိမ်ခြံမြေစျေးများမှာ နှစ်ဆကျော် မြင့်တက်လာနေ သည်ဟု အိမ်ခြံမြေအရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးက ယခုလို ပြောသည်။
“မြေစျေးတွေက တော်တော်စျေးတက်တယ်။ မြို့တွင်းမှာဆိုရင် အရင် (အာဏာမသိမ်းခင်) ၁၀၀ကျော်တန်တွေ က အခုဆိုရင် ၂၀၀ကျော် ၃၀၀လောက်ရှိတယ်။ ရွှေဖားစည်အိမ်ရာဆိုရင် အရင်က ရောင်းစျေး သိန်း ၁၀၀ ကျော်ပဲရှိ တာ အခုဆိုရင် သိန်း ၃၀၀ အထက်ပဲ။ မြို့ထဲ မကဘူး၊ မြို့ပြင်တွေမှာလည်း အကွက်နဲ့ ရောင်းတဲ့မြေစျေးတွေက အကုန် စျေးတက်တယ်။ ဝယ်တဲ့လူကတော့ ရှိတာပဲ”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ပြည်နယ်အတွင်း ကော့ကရိတ်၊ မြ၀တီ၊ ဖာပွန်၊ ကြာအင်းဆိပ်ကြီး၊ သံတောင်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် ဖားအံမြို့နယ်၌သာ အိမ်ခြံမြေလာရောက်ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံသူ များလာကြ သလို ငွေကြေးဖောင်းပွမှုကြောင့် မြေကွက်ရောင်းဝယ်ရေးလုပ်ငန်းဘက်တွင် ရင်းနှီးမြှုပ်နှံလာသူလည်း များလာသည် ဟု ဖားအံမြို့နေ ရပ်မိရပ်ဖများထံမှ သိရသည်။
ဖားအံမြို့တစ်ဦးက “အခုက လက်ထဲမှာ ဘယ်သူမှ ငွေမကိုင်ထားချင်ဘူး။ ရွှေဝယ်ရင်တောင် ရွှေစျေးက ပြန်ကျနိုင် သေးတယ်။ ခြံကတော့ စျေးပြန်ကျဖို့မရှိတော့ လူတွေက ခြံတွေကို ဝယ်ထားကြတာများတယ်။ ပြီးတော့ တစ်ခြား အလုပ်တွေလည်း ဒီအချိန်မှာ ရင်းနှီးမြှုပ်နှံထားလို့မရဲတော့ မြေကိုပဲ ဝယ်ကြတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်အတွင်း ဖြစ်ပွားလျှက်ရှိသည့် စစ်ရေးပဋိပက္ခများကြောင့် ငွေကြေးတတ်နိုင်သည့် စစ်ရှောင် ပြည်သူအချို့မှာ ဖားအံမြို့ထဲကို ပြောင်းရွှေ့နေထိုင်ကြသူများလာသည့်အတွက် အိမ်ငှားစျေးလည်း ယခင်ထက် ပိုမို ကြီးမြင့်လာခြင်းဖြစ်သည်။
ယင်းသို့ ဖားအံမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများတွင် အိမ်ခြံမြေစျေးနှုန်း မြင့်တက်လာနေသော်လည်း နယ်မြေ မတည်ငြိမ်သည့် အခြားမြို့နယ်များတွင်မူ အိမ်ခြံမြေများ ဝယ်ယူသူမရှိသလို အချို့မှာ အိမ်နှင့်မြေများကို ရသည့် စျေးနှုန်းဖြင့် ရောင်းထုတ်ကြကာ မြို့ပေါ်သို့ ပြောင်းရွှေ့ကာ မြေဝယ်ကြသူများလည်းရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြို့နယ်အတော်များများ၌ နယ်မြေမတည်ငြိမ်သလို ဒေသခံများ လုံခြုံမှုမရှိသော်လည်း ဖားအံမြို့ထဲ တွင်မူ စားသောက်ဆိုင်၊ ဟိုတယ်ခရီးသွားလုပ်ငန်းများနှင့် အိမ်ခြံမြေလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံသူ များနေဆဲဖြစ် ကြောင်း ဒေသခံထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ရက်နေ့က ပြုလုပ်သည့် ကရင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးတွင် ကရင်ပြည်နယ်အတွင်း ပြည်တွင်းပြည်ပခရီးသွားများ ကောင်းမွန်စွာ သွားလာလည်ပတ်နိုင်ရန် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်ကိုလည်း ကရင်ပြည်နယ်၏ စစ်ကောင်စီ ဥက္ကဋ္ဌ စောမြင့်ဦးက ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီကို တိုက်တွန်းထားသည်။



















