Home သတင်း ညောင်လေးပင်ဒေသဘက်တွင် လယ်ဧက ၂၀၀၀ ခန့်မှ စပါးခင်းများရေနစ်မြှုပ်ပျက်စီးနေ

ညောင်လေးပင်ဒေသဘက်တွင် လယ်ဧက ၂၀၀၀ ခန့်မှ စပါးခင်းများရေနစ်မြှုပ်ပျက်စီးနေ

888
Photo: CJ

အောက်တိုဘာလ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်တွင် ပြီးခဲ့သည့် အောက်တို ဘာလ(၇)ရက် နေ့မှစ၍ မိုးရွာသွန်းမှုများပြားကာ စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ကျောက်တံခါး၊ မုန်းနှင့်ဖြူးမြို့နယ် အချို့တွင် လယ်ဧကပေါင်း ၂၀၀၀ ခန့်မှ စပါးခင်းများ ရေနစ်မြှုပ်ပျက်စီးမှုများ ဖြစ်ပေါ်နေသည်ဟု အရပ်ဘက်လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ဒေသခံများထံမှ သိရသည်။

မုန်းမြို့နယ်အတွင်းရှိ ကျေးရွာ(၉)ရွာ ထက်မနည်းတွင် ရေကြီးမှုဖြစ်ပွားပြီး လယ်ဧကပေါင်း နှစ်ထောင်ခန့်မနည်းပျက်စီးခဲ့သလို စစ်တောင်းမြစ်အနောက်ဖက်ခြမ်းတွင်လည်း အောက်တို ဘာလ(၁၆)ရက်နေ့အထိ စစ်တောင်းမြစ်ရေ ဆက်လက်မြင့်တက်နေသဖြင့် ကျောက်တံခါးမြို့နယ်၊ အနန်းဘော်ကျေးရွာအုပ်စုနှင့် ဖြူးမြို့နယ် ကျေးရွာအချို့ရှိ စပါးခင်းများ ရေနစ်မြှုပ်၊ ပျက်စီးမှုရှိနေကြောင်း ဒေသခံတောင်သူများက ပြောသည်။

ဒေသခံစပါးစိုက်တောင်သူတစ်ဦးက “ချောင်းရေတက်လာတယ်။ စစ်တောင်းရေလည်း တိုးတယ်။ စစ်တောင်းရေတိုးလို့ စစ်တောင်းအနောက်ဖက်ခြမ်း အနန်းဘော်အုပ်စုက ကွင်းစပါးတွေရေ နစ်ကုန်ပြီ။ ဖြူးနဲ့ကျောက်တံခါးက အစပ်လေ မုန်းဘက်မှာ ရှေ့ရက်ကရေတက်ပြီး မြောက် ဘက်က နေတောင်ဘက်ကို ရေရောက်လာတဲ့သဘောပဲ အခုထက်ထိစပါးခင်းတွေရေမြှုပ်နေတုန်း၊ မှည့်နေတဲ့စပါး လယ်ခင်းတွေမြှုပ်ကုန်တာ ဖွေးနေတာပဲ၊ တစ်မြို့နယ်လုံးမြှုပ်တာတော့မဟုတ်ဘူး။ အနိမ့်ပိုင်းလောက်ပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ရေဘေးကြောင့် မုန်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ပိတ်ထားရသလို လက်ရှိတွင် ရေအနည်းငယ်သာပြန်ကျသေးသဖြင့် ရေဘေးသင့်ကျေးရွာများသို့ လိုအပ်သော အကူအညီများပေးရန် လိုအပ်လျက်ရှိကြောင်းလည်း မုန်းမြို့နယ် ကရင်အရေး ပေါ်ကူညီကယ်ဆယ်ရေးကော်မတီထံမှ သိရသည်။

“လောလောဆယ် ရေကနည်းနည်းတော့လျော့သွားတယ်။ ဒါပေမဲ့ မြှုပ်နေတဲ့စပါးတွေကတော့ ပြန်မပေါ်သေးဘူး။ ပျက်စီးဆုံးရှုံးမှုကတော့ စစ်တောင်း အနောက်ဖက်ကမ်းက ရေမြှုပ်တာ ပိုများတယ်။ အဲဒီရွာတွေက သုံးပုံတစ်ပုံလောက်ပဲ စီးပွားရေးဆက်လုပ်နေတာ ကျန်တဲ့သူတွေက စစ်ရှောင်ပဲ” ဟု ၎င်း ကူညီကယ်ဆယ်ရေး ကော်မတီဝင်က ပြောသည်။

Photo: CJ

ညောင်လေးပင်ခရိုင်ရှိ ဒေသခံပြည်သူအများစုမှာ စပါး၊ ပဲနှင့် ခြံထွက်သီးနှံစိုက်ပျိုးခြင်း များ လုပ်ကိုင်ကြပြီး ယခုစစ်အာဏာသိမ်းထားသည့်ကာလတွင် ဒေသအတွင်း ပဋိပက္ခများနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများကြောင့် စားသောက်ကုန်ဈေးနှုန်းသာမက စိုက်ခင်းအတွက် မြေဩဇာ၊ ပိုးသတ်ပေါင်းသတ်ဆေး ဈေးနှုန်းကြီးမြင့်မှုများပါ ရင်ဆိုင်နေရကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ဒေသခံအမျိုးသမီးတစ်ဦးကလည်း “အမှန်မှာ ပဲခူးရေဘေးလှူသလို ဒီကလူတွေကို လာလှူ လို့ရရင်ကောင်းမယ်။ ဒီမှာတချို့က ဆန်ကွဲပဲ၊ ဆန်ပြုတ် ပြုတ်စားနေရတယ်။ လမ်းပန်းအ ဆင်မပြေတော့ လှူမယ့်သူတွေက မဝင်ရဲကြဘူးဖြစ်နေတာ။ ဈေးတွေကလည်း ခေါင်ခိုက်နေတာပဲ။ ဆီတစ်ပိဿာတစ်သောင်းခွဲ၊ ကြက်သွန်နီ ဈေးလည်းကြီးလို့ တော်ရုံဆိုထည့် တောင်မစားကြတော့ဘူး။ ဆန်ကလည်း တစ်သိန်း ခွဲဖြစ်သွားပြီ” ဟု ပြောသည်။

KNU ထိန်းချုပ်သည့် ညောင်လေးပင်ခရိုင်သည် ပဋိပက္ခများကြောင့် စစ်ဘေးတိမ်းရှောင်သူဦးရေ နှစ်သိန်းကျော် ရှိလာနေပြီး ယနေ့အချိန်အထိ ကျေးရွာအများစုမှာ စစ်ကောင်စီ၏ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွေ့လျား စစ်ရှောင်နေရသည့် ဒေသတစ်ခုလည်း ဖြစ်သည်။

ပြီးခဲ့သည့်အောက်တိုဘာလ ဒုတိယပတ်အတွင်းကလည်း ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ပဲခူးမြို့ ပေါ်အထိ ရေနစ်မြှုပ်မှုဖြစ်ပွားခဲ့ရာ လူပေါင်းတစ်သောင်းကျော် ရေဘေးသင့်ခဲ့ကြသလို ပဲခူးမြို့ တဝိုက်ရှိ ကျေးရွာများမှ စပါးခင်းများ ရေနစ်မြှုပ်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသအတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။