Home သတင်း စစ်တပ်၏ လက်နက်ကြီးရန်ကြောင့် လောင်းလုံးဒေသရှိ ရာဘာလုပ်ငန်းများ ရပ်နားထားရ

စစ်တပ်၏ လက်နက်ကြီးရန်ကြောင့် လောင်းလုံးဒေသရှိ ရာဘာလုပ်ငန်းများ ရပ်နားထားရ

686
Photo: CJ

အောက်တိုဘာလ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် သဲပုံတောင်ပေါ်ရှိ စစ်ကောင်စီက နေ့စဉ်လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ၎င်းအနီးအနားရှိ ရာဘာလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် လုပ်ငန်းကို ရပ်နားထားရကြောင်း ဒေသခံများထံမှ သိရသည်။

လောင်းလုံးမြို့နယ်ရှိ သဲပုံတောင်(ခေါ်)အင်းဝတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်‌ကောင်စီ တပ်ဖွဲ့ ဝင်များသည် ပြီခဲ့သည့်မေလမှစတင်ပြီး ကျေးရွာများဘက်နှင့် ၎င်းတောင်အနီးတဝိုက်နေရာများသို့ နေ့စဉ်လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်နေသောကြောင့် တောင် အနီးရှိ ရာဘာခြံလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် လက်နက်ကြီး ကျရောက်လာမည်ကို စိုးရိမ် သောကြောင့် လုပ်ငန်းအားလုံးကို ရပ်နားထားရကြောင်း ရာဘာလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ယခုလို သည်။

“မီးမြင်တာတောင် မရဘူး။ မြင်ရာလိုက်ပစ်တာ။ အဲ့ဒါကြောင့် လက်နက်ကြီး တွေပစ်တော့ ဘယ်သူမှ ခြံကို သွားမရဲကြတော့ဘူး။ ရပ်နားထားရတယ်။ ပြီးတော့ အခုကအထိုင်ချထားတာဆိုတော့ မလွယ် တော့ဘူး။ ဒီဘက်မှာကလည်း ခြံစိုက်တာနဲ့ ရေလုပ်ငန်းတွေ ဒါတွေကိုပဲ အဓိက ထားပြီး လုပ်ကိုင်ရ တာဆိုတော့ လုပ်ငန်းတွေ ရှားလာတာပေါ့။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုလို မိုးရာသီအကုန် ပွင့်လင်းရာသီကာလအတွင်းသို့ ကူးပြောင်းရောက်ရှိလာသောကြောင့် ဒေသခံ များအနေဖြင့် ခြံရှင်းခြင်း၊ တောရှင်းခြင်းနှင့် ရာဘာအစေးခြစ်ခြင်းများကို လုပ်ကိုင်ရ မည်ဖြစ်သော် လည်း စစ်ကောင်စီမှ လက်နက်ကြီးလက်နက်ငယ်ရမ်းသမ်းပစ်ခတ်မှုများကြောင့် ခြံပစ်ပြေးနေရသည့်အခြေအနေမျိုးနှင့်သာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ရာဘာခြံလုပ် ငန်းလုပ်ကိုင်သူက ဆက်ပြောသည်။

ထို့အပြင် နိုင်ငံရေးမတည်ငြိမ်သည့် အခြေအနေများဖြစ်ပေါ်နေစဉ် ရာဘာလုပ်ငန်း လုပ်ကိုင် သူများ အနေဖြင့် ရာဘာအများစုကို အပြားပုံစံအချောထုတ်လုပ်ခြင်း မပြုတော့ဘဲ ရာဘာအကြမ်းများနှင့် ရာဘာပင်များကိုသာ ရောင်းချနေရသောကြောင့် လုပ်ငန်းဆုံးရှုံး နစ်နာမှုများနှင့် ကြုံတွေ့နေရကြောင်း ရာဘာလုပ်ငန်းလုပ်ကိုင်သူ နောက်တစ်ဦးကလည်း ပြောသည်။

၎င်းက “အစေးပြားက အချိန်ယူပြီးလုပ်ရတာဖြစ်တဲ့အတွက်ကြောင့် ဘယ်သူမှ မထုတ်ကြတော့ဘူး။ အဲ့တာကြောင့် ရာဘာပင်တွေနဲ့ အကြမ်းတွေကိုပဲရောင်းတယ်။ အဲ့တော့ အချောလောက်ဈေး မရတော့ဘူးပေါ့။ အဲ့လိုကနေ အရင်းနှီးဆုံးရှုံးတာများတယ်။ ပြီးတော့ ဒီကာလကလည်း အဲ့လောက်ထိ အချိန်မရတော့ ရတာလေးကိုပဲ မြန်မြန်ရောင်းနေရတဲ့ အခြေအနေဖြစ်တယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

ယခုလ အောက်တိုဘာလ ပထမအပတ်ကလည်း သဲပုံတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များမှလက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်မှုကြောင့် ညအချိန်သွားလာရာတွင် ဆိုင်ကယ် မီးပိတ်ရသည့်အထိ သွားလာနေရပြီး ၎င်းအနီးရှိ ရိပ်သာတစ်ခုအတွင်းသို့ လက်နက်ကြီး ကျ ရောက် ပေါက်ကွဲခဲ့သေးကြောင်းလည်း ဒေသခံများပြောစကားအရ သိရသည်။

ရာဘာစိုက်ပျိုးသည့် လုပ်ငန်းသည် အဓိကအားဖြင့် ပူအိုက်စိုစွတ်သည့် ရာသီမျိုးတွင် အများဆုံးဖြစ် ထွန်းလေ့ရှိပြီး မြန်မာနိုင်ငံ၏ တောင်ဘက်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် အများဆုံး စိုက်ပျိုးကြသည်။