အောက်တိုဘာ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်တွင် အောက်တိုဘာလ (၁၀)ရက်နေ့က စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကာ အသက်(၂)နှစ်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင် (၈)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီးနောက် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများမှာ ဆက်ရှိနေဆဲဖြစ်ကြောင်း ဒေသခံများ ထံမှ သိရသည်။
စစ်ကောင်စီ၏ခြေမြန်တပ်ရင်း ခမရ-၄၃၉ မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖြူးမြို့နယ် ကျော်လှ ကျေးရွာနေ မိန်းကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ -၂၆၄၊ ရွှေဝါအခြေစိုက်ခြေမြန်တပ်ရင်း ခမရ-၃၀၇တို့မှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကျောက်ကြီး မြို့နယ် ရွာကန့်လန့်ရွာ၊ မုန်းမြို့နယ် သနပ်ကွင်းရွာနှင့် ဖြူးမြို့နယ် နန္ဒမိတ်ရွာတို့မှ အသက်(၂) နှစ်အရွယ်ကလေးငယ်နှစ်ဦး ပါဝင်သော ဒေသခံ(၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ကလည်း အောက်တိုဘာလ (၁၁)ရက်တွင် ထုတ်ပြန်ထားသည်။
အဆိုပါ ပစ်ခတ်မှုများနောက်ပိုင်းတွင်လည်း စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုများ ဆက် လက်လုပ်ဆောင်နေသဖြင့် ဒေသခံအများစုမှာ နေရပ်စွန့်ခွာ ထွက်ပြေးရပြီး အချို့မှာ နေစရာနေရာ မရှိသဖြင့် မိမိတို့ရပ်ရွာတွင် စိုးရိမ်ထိတ်လန့်စွာ ဆက်လက်နေထိုင်ရသည်ဟု ကျောက်ကြီးမြို့ ဒေသခံအမျိုးသားတစ်ဦးက ယခုလို ပြောသည်။
“ရှောင်တဲ့သူကရှောင်တာပဲ အမျိုးတွေ၊ ဘာတွေတဖက်ကမ်းမှာရှိတဲ့သူကတော့ သွားနေကြတာပေါ့ သွားဖို့လာဖို့အဆင်မပြေတဲ့သူကတော့ ရွာထဲကျန်နေခဲ့တယ်။ ဘယ်လိုပဲရင်ဆိုင်ရ၊ ရင်ဆိုင်ရ ဘယ် သူက အကြာကြီးနှစ်ပေါက်အောင် ပြေးနေနိုင်မလဲ။ လက်နက်ကြီးပစ်တာနဲ့အသားကျသလိုတောင် ဖြစ်နေပြီတိုက်ပွဲဖြစ်တယ်ဆိုလည်း ပုန်းကျင်းတွေထဲ ဝင်နေလို့ရသေးတယ်။ အခုက အချိန်မရွေးပစ်နေတော့လေ ညတုန်းကလည်း ပစ်ချတာပဲ စစ်တောင်းမြစ် အနောက်ဖက်ကမ်းကရွာတွေဘက်ပဲ” ဟု ၎င်းက ယနေ့ ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ကေအဲန်ယူထိန်းချုပ်မှု အားကောင်းသည့် ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာများ မှဒေသခံများအား အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီ တပ်ဂိတ်စခန်းများကို ဖြတ်သန်း သွားလာပါကလည်း စစ်ဆေးမေးမြန်း၍ ဖမ်းဆီးခံရနေပြီး ငွေကြေးဖြင့် ပြန်လည်ရွေးယူခိုင်းသည့် ဖြစ်စဥ်အများအပြားရှိလာကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဒေသခံတစ်ဦးက “ရွာသားတွေ ဈေးသွားဝယ်တာ ဘာညာဆိုရင် ဘယ်ရွာကလဲမေး ကေအဲန်ယူ အားကောင်းတဲ့ဘက်ကရွာတွေကလာတယ်ဆိုတာနဲ့ ဆွဲစိခံရတယ်။ သူတို့ (စစ်တပ်)အတွက် ဘာသတင်းမှမရနိုင်ဘူးဆိုရင် မိသားစုဆီကိုအကြောင်းကြားပြီး ပိုက်ဆံနဲ့ပြန်လာရွေးခိုင်းတယ်။ မဟုတ်ရင် အထဲမှာထည့်ထားတယ်။ သူတို့မှာအရင်း နဲ့အမြတ်ပဲ ရှိတယ်။” ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ(၉)ရက်နေ့ကလည်း ကျောက်တံခါးမြို့နယ်သို့ ဈေးသွား ဝယ်သည့် ကျောက်ကြီးမြို့နယ် နတ်တလင်းကျေးရွာနေ ဒေသခံအမျိုးသမီး(၂)ဦး စစ်ကောင်စီ၏ ဖမ်းဆီး အကျဥ်းချထားခြင်းခံခဲ့ရကြောင်း KNU ၏ အောက်တို ဘာလ(၁၀)ရက် ထုတ်ပြန်ချက်အရ သိရှိရသည်။
ညောင်လေးပင်ခရိုင်တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှု အများအပြားရှိခဲ့ပြီး အောက်တိုဘာ လဆန်းပိုင်းတွင် အနည်းငယ် တည်ငြိမ်မှုရှိခဲ့သော်လည်း ယခုရက်ပိုင်းမှစ၍ လက်နက်ကြီး ပစ်ခတ်မှုများ တကျော့ပြန် များပြားလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
အာဏာသိမ်းမှု (၃)နှစ်နီးပါးကာလအတွင်း ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီ ၏လက် နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ(၃၀၀)နီးပါးရှိခဲ့သလို ထိခိုက်သေဆုံးရသော အရပ်သားဦးရေ (၁၅၀)ထက်မနည်းရှိနေပြီး စစ်ဘေးရှောင် ပြည်သူဦးရေ (၂)သိန်းကျော်ရှိ လာကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN ၏ ယခုနှစ် ဇူလိုင်လအထိ ကောက်ခံထားသည့် စာရင်းများအရ သိရသည်။



















