Home တွေ့ဆုံမေးမြန်းခန်း NCA “၈” နှစ်ပြည့်အပေါ် (KNU/KNLA-PC) မှ ဗိုလ်မှူးကြီးစောကျော်ညွန့်နှင့် မေးမြန်းချက်

NCA “၈” နှစ်ပြည့်အပေါ် (KNU/KNLA-PC) မှ ဗိုလ်မှူးကြီးစောကျော်ညွန့်နှင့် မေးမြန်းချက်

690
Photo: Nawtayar Media

NCA “၈” နှစ်ပြည့်အပေါ် (KNU/KNLA-PC) မှ ဗိုလ်မှူးကြီးစောကျော်ညွန့်နှင့် မေးမြန်းချက်

“NCA ဆိုတာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက လက်မှတ်ရေးထိုးခဲ့တာကြောင့် ဒီ အချိန် မှာ အစိုးရအနေနဲ့ရော၊ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ရော NCA လမ်းကြောင်းအရ သွားနိုင်ခြင်းမရှိတဲ့အတွက် NCA ကို အခြေခံပြီးလုပ်နေတဲ့ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ရပ်တန့်သွားခဲ့ပါပြီ”

အောက်တိုဘာလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

လာမည့်အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့်နေ့ “၈” နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အနေဖြင့် တက်ရောက်သွားရန်ရှိမရှိ၊ NCA အနှစ်သာရရှိရှိ လုပ်ဆောင်မည်ဟု စစ်ကောင်စီ၏ ပြောကြားချက်အပေါ် အမြင်သဘောထားနှင့် နိုင်ငံငြိမ်းချမ်းရေးနှင့် ပြန်လည်ရပ်တည်နိုင်ရေးအတွက် အကြံပြုပြောဆိုချက်များအား သိရှိနိုင်ရန် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) မှ ဗိုလ်မှူးကြီးစောကျော်ညွန့်နှင့် ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ NCA “၈” နှစ်ပြည့်အတွက် စစ်ကောင်စီဘက်က ဖိတ်စာပို့လိုက်ပြီလို့ သိရတယ်။ ဗိုလ်မှူးကြီးတို့ PC ကိုရော ဖိတ်စာရောက်ပါပြီလား။ တက်ရောက်ဖို့ အစီအစဉ်ရှိပါလား။
ဖြေ။ ။ NCA “၈” နှစ်ပြည့် အခမ်းအနားအတွက် စစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေဆီ ဖိတ်စာပို့လိုက်ပြီဆိုတာ မှန်ပါတယ်။ ကျနော်တို့လည်း တက်ရောက်ဖို့ရှိပါတယ်။

မေး။ ။ ဒီပွဲ တက်ရောက်ဖို့အတွက် PC အနေနဲ့ ဘယ်လိုအစီအစဉ်တွေ ရေးဆွဲလုပ်ဆောင်နေပါလဲ။ သိခွင့်ရမလား။
ဖြေ။ ။ ဒါအထူးအဆန်းတော့ မဟုတ်ပါဘူး။ NCA လက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်ကြီးတွေကို ဖိတ်ခေါ်တာရှိသလို တခြားနိုင်ငံရေးအစုအဖွဲ့တွေကိုလည်းပဲ ဖိတ်ကြားခဲ့တာရှိတယ်။ ကျနော်တို့က တစ်နိုင်ငံလုံး ကြုံတွေ့နေရတဲ့အကြပ်အတည်းကို ကျော်လွှားနိုင်ဖို့ သက်ဆိုင်သူတွေပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ မလုပ်နိုင်တာ အတော်လေးကြာခဲ့ပြီဖြစ်တယ်။ အရင်တုန်းကတည်းက NCA လက်မှတ် ရေးထိုးခဲ့တဲ့ ခေါင်းဆောင်တွေ ပြန်တွေ့ဆုံပြီး NCA မှာပါတဲ့ သဘောတူညီချက်တွေကို မပျက်မကွက် ပူးတွဲအကောင်အထည်ဖော်ကြဖို့ အပြန်အလှန်သံဓိဌာန်ပြုခဲ့ကြတာရှိပါတယ်။ ဒီအတွက် အသိ အမှတ်ပြုတဲ့ အနေနဲ့လုပ်တဲ့ နိုင်ငံရေးရော ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးတာမဟုတ်တဲ့ နှစ်ပတ်လည်အခမ်းအနားတစ်ခုပဲ ဖြစ်တာမို့လို့ ကျနော်တို့ကတော့ နိုင်ငံရေးအရ အထွေအထူး ပြင်ဆင်ဆောင်ရွက်နေတာတော့ မရှိပါဘူး။

မေး။ ။ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေအားလုံး တက်ရောက်နိုင်ပါလား၊ ဗိုလ်မှူးကြီးရဲ့ အမြင်ကို ပြောပြပေးဦး။
ဖြေ။ ။ ဒါကတော့ တစ်ဖွဲ့ချင်းစီရဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ရှိခြင်းအပေါ်မှာ သွားမယ်နဲ့တူပါတယ်။ အခုဖိတ်တာကလည်း NCA လက်မှတ်ရေးထိုးထားတဲ့ ခေါင်းဆောင်တစ်ဦးချင်းစီကို ဖိတ်တာရှိသလို NCA မှာ ပါဝင်တဲ့ အသင်းအဖွဲ့တွေကို ဖိတ်ကြားတာလည်းရှိပါတယ်။ အခြားအဖွဲ့တွေ ဘယ်သူ တက်မယ်၊ ဘယ်လောက်တက်မယ် ဆိုတာကတော့ အသေအချာတော့မသိနိုင်ပါဘူး။

မေး။ ။ NCA ကို အခြေခံပြီး လုပ်ဆောင်နေပါတယ်လို့ စစ်ကောင်စီဘက်က အထပ်ထပ်ပြောလာပေမယ့် KNU လို လက်မှတ်ရေးထိုးမှုမှာပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့ရဲ့နယ်မြေတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတဲ့အပေါ်ကို သုံးသပ်ပေးပါဦး။
ဖြေ။ ။ ပုံမှန်မဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုမှာ နိုင်ငံရေးအစုအဖွဲ့တွေ ကြားထဲမှာလည်း အမြင်မတူတာတို့ သဘောထားကွဲလွဲတာတို့ရှိမယ်။ ကိုယ်တစ်ဖွဲ့ထဲမှာရှိတဲ့ ခေါင်းဆောင် တွေမှာတောင်မှ ဒီလိုကာလမျိုးမှာ အမြင်မတူတာက ဖြစ်တတ်ပါတယ်။ ရှိလည်းရှိနေတယ်၊ ဒါတွေက ပကတိရှိနေတာ ဖြစ်တဲ့အတွက် သုံးသပ်ချင်တာထက် နိုင်ငံရေးအခြေအနေအရ တိုင်းရင်းသား အစုအဖွဲ့တွေကလည်း ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ် စစ်ကောင်စီနဲ့ သွားဆွေးနွေးတဲ့အဖွဲ့တွေရှိမယ်၊ စစ်ကောင်စီနဲ့သွားမတွေ့ နိုင်တာလည်းရှိမယ်။ ဒါကလည်း တစ်ဖွဲ့ချင်းစီရဲ့နယ်မြေအနေအထား၊ နိုင်ငံရေးဖြတ်သန်းမှုအပေါ်မှာ ဖြစ်တည်လာတာ။

ဘယ်လိုပဲဖြစ်ဖြစ် သွားဆွေးနွေးနေတဲ့အဖွဲ့တွေက NCA ကို အခြေခံပြီး ဆွေးနွေးတာ မဟုတ်ပါဘူး။ NCA ဆိုတာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက လက်မှတ်ရေးထိုးခဲ့တာကြောင့် ဒီအချိန်မှာ အစိုးရအနေနဲ့ရော၊ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ရော NCA လမ်းကြောင်းအရ သွားနိုင်ခြင်း မရှိတဲ့အတွက် NCA ကို အခြေခံပြီးလုပ်နေတဲ့ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ရပ်တန့်သွားခဲ့ပါပြီ။ ကျနော်တို့တွေ သွားရောက်တွေ့ဆုံနေတာကလည်း NCA ကို အခြေခံတဲ့ တွေ့ဆုံမှုဆိုတာထက် PPST ရဲ့ နားလည်မှုအရ လက်ရှိနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး အကြပ်အတည်းကိုကျော်နိုင်အောင် သက်ဆိုင်သူတွေပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်အောင် အစပြု လုပ်ဆောင်နေတာပါ။

Photo: Nawtayar Media

မေး။ ။ အခုလက်ရှိအခြေအနေမှာ NCA ရဲ့ လမ်းစဉ်အတိုင်း သွားမနေဘူးလို့ ပြောလို့ရတယ်ဆိုတော့ အခုနှစ်ပတ်လည်ကနေ NCA အတိုင်း အမှန်တကယ် အကောင်အထည်ပေါ်လာဖို့နဲ့ ပတ်သက်ပြီး တိုင်းရင်းသားအစုအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ ဘယ်လောက်ထိ ညှိနှိုင်းအဖြေထွက်မယ်ထင်ပါလဲ။
ဖြေ။ ။ ခုနက ပြောသလိုပါပဲ၊ NCA နှစ်ပတ်လည်အနေနဲ့ကျင်းပခြင်းသာဖြစ်တယ်။ မျှော်လင့်ချက်တွေ ရည်ရွယ်ချက်တွေကတော့ အမျိုးမျိုးရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားနိုင်မယ့် ဆွေးနွေးပွဲတွေ၊ တွေ့ဆုံမှုတွေကတော့ အများကြီးအချိန်ယူပြီးတော့ လုပ်ဆောင်ရမှာ ဖြစ်တယ်။ အခုအခမ်းအနားကတော့ ဟိုးအရင်ကတည်းက လက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင် ကြီးတွေရဲ့ ကတိသစ္စာကို ပြန်လည်ဂုဏ်ပြုအောက်မေ့ခြင်းအနေနဲ့လုပ်တာပါ၊ မလုပ်ဆောင်နိုင်သေးတဲ့ NCA လမ်းကြောင်းအရ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေကို ဘယ်လိုအစပျိုးပြီး ဘယ်လိုလမ်းကြောင်းနဲ့ ပြန်လည် ရပ်တည်ပြီးတော့ စတင်လုပ်ဆောင်နိုင်မလဲဆိုတဲ့ ရည်ရွယ်ချက်တော့ ရှိကောင်းရှိနိုင်တယ်။ ဒါတွေက ပကတိရှိနေတဲ့ နိုင်ငံရေးအခင်းအကျင်းအရ အများကြီးဆွေးနွေးဖို့တွေရှိသေးတော့ ဒီတစ်ပွဲနဲ့တော့ ဘာမှပြောင်းလဲခြင်း ရှိသေးမှာ မဟုတ်ပါဘူး။

မေး။ ။ ဒီနှစ်ပတ်လည်ပွဲမှာ နိုင်ငံတကာရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုရော ဖိတ်ခေါ် ထားတယ်။ ပြီးတော့ NCA အနှစ်သာရရှိရှိ လုပ်ဆောင်မယ်လို့ စစ်ကောင်စီဘက်က ပြောထားတဲ့အပေါ်မှာ တကယ်ဖြစ်နိုင်မယ်လို့ မြင်ပါလား။
ဖြေ။ ။ သူတို့ဘက်က လုပ်ဆောင်ချက်အသေးစိတ်ကိုတော့ ကျနော်တို့အနေနဲ့ မသိရှိနိုင်ပါဘူး။ ဒါပေမဲ့ NCA ဆိုတာက သူ့ရဲ့ဖြစ်တည်နေတဲ့ သဘောသဘာဝအရတော့ NCA ကို စတင်ရေးဆွဲခဲ့တဲ့ ၂၀၁၃-၂၀၁၄ ခုနှစ်မှာ နိုင်ငံမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အားလုံးနီးပါး NCA ပူးပေါင်းရေးဆွဲတဲ့နေရာမှာ လုပ်ဆောင်နေတာ ရှိတယ်။ ဒါပေမဲ့ ရေးဆွဲတဲ့အခါမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ကနေ ၁၀ ဖွဲ့ ဖြစ်လာပြီး ဒီအဖွဲ့တွေက NCA ကို ပူးပေါင်းအကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်တွေကို အစိုးရ သက်တမ်း၂ ခု စာလောက်လုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်ပြီးနောက်မှာ NCA မှာ ပါဝင်တဲ့ လုပ်ငန်းစဉ်တွေ ရပ်တန့်သွားရတယ်ဆိုတာ ပြောပြီးသားပါ။

နိုင်ငံရေးအနှစ်သာရရှိရှိဆိုတာက ဟုတ်ပါတယ်၊ လက်ရှိ နိုင်ငံရေးအခင်းအကျင်းထဲမှာ ဒီလိုပွဲလုပ်တယ် ဆိုပေမယ့် ပုံမှန်အတိုင်းပဲ ကျင်းပတာ ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးမှုတွေ ကျဉ်းသည်ထက် ကျဉ်းမြောင်းလာတဲ့ကာလမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ ပြန်ပြီးဖော်ဆောင်လိုတဲ့ ရည်ရွယ်ချက်နဲ့ သူတို့ဘက်က အနှစ်သာရရှိရှိ ပြင်ဆင်ဆောင်ရွက်သွားမယ်ဆိုတာ ကျနော်တို့လည်း ကြားမိပါတယ်။ နိုင်ငံတကာကိုတော့ အသိသက်သေအနေနဲ့ ပြန်ပြီးဖိတ်ကြားတဲ့သဘောပါ။ တက်ရောက်နိုင်မလား မနိုင်လား ဆိုတာကတော့ သေချာမပြောနိုင်ပါဘူး။

မေး။ ။ မြန်မာ့နိုင်ငံရေးအခြေအနေက အားရစရာမရှိဘူးလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြတယ်၊ ဒီဟာကိုဖြေရှင်းဖို့အတွက် ဗိုလ်မှူးကြီးအနေနဲ့ ဘယ်လိုအကြံပြုပေးချင်ပါလဲ။
ဖြေ။ ။ ကျနော်တို့နိုင်ငံမှာ လက်နက်ကိုင်ပြည်တွင်းစစ်တွေ နှစ်ပေါင်း (၇၀) ကျော်လောက် ဖြစ်ပွား ခဲ့တယ်။ ဒါတွေကို အပြီးသတ်ချုပ်ငြိမ်းဖို့ ကျနော်တို့ သဘောတူခဲ့ကြပြီးသားဖြစ်တယ်။ နောင်လာနောင်သား မျိုးဆက်သစ်တွေအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုတာလည်း ကျနော်တို့ နားလည်မှု ကိုယ်စီလည်း ရှိခဲ့တယ်။ ကျနော်တို့နိုင်ငံကို ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုလို့ပဲ ခေါ်ခေါ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုလို့ပဲခေါ်ခေါ် မလွှဲမသွေတည်ဆောက်နိုင်ဖို့အတွက် အမြင်မတူ၊ သဘောထားကွဲတာ လုပ်နည်းလုပ်ဟန် တထပ်တည်းမကျတာတွေ ရှိပေမယ့် ကျနော်တို့ သက်ဆိုင်သူများ အားလုံး ပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဆိုတာ မရှိမဖြစ် လိုအပ်သလို အကောင်အထည်ဖော်ဖို့ လမ်းစရှာရမှာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ဖြေရှင်းရမှာပါ။

မေး။ ။ နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပေးပါဦး။
ဖြေ။ ။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နိုင်ငံလုံးကြုံတွေ့နေရတဲ့ အခက်အခဲကာလမှာ ပြည်ထောင်စုထဲမှာရှိနေတဲ့ ကရင်ပြည်နယ်အနေနဲ့ ကျနော်တို့ဆောင်ရွက်လို့မရပါဘူး။ တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးတော့ဖြစ်ဖြစ် ကျနော်တို့ကို ထိခိုက်နစ်နာမှုတွေ ဖြစ်စေပါတယ်။ ပြည်ထောင်စုငြိမ်း ချမ်းရေးကသာလျှင် ကရင်ပြည်နယ်အတွက်၊ ကချင်ပြည်နယ်အတွက်၊ တစ်နိုင်ငံလုံး အတွက် တည်ငြိမ်အေးချမ်းမှုကို အာမခံချက်ပေးနိုင်တာမို့လို့ ကျနော်တို့ တာဝန်ရှိတဲ့အတိုင်း ဆက်လက်ကြိုးပမ်းသွားမယ်ဆိုတာ ပြောလိုပါတယ်။