အောက်တိုဘာလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေး ပင်ခရိုင် ဆောထိ(ရွှေကျင်) မြို့နယ်နှင့် ကျောက်တံခါးမြို့နယ်ဘက်တို့တွင် စစ်ကောင်စီက တပ်အင်အားတိုးချဲ့လှုပ်ရှားလာ၍ စစ်ရေး တင်းမာနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။
အောက်တိုဘာလ(၁၇)ရက်နေ့က ပိန်းဇလုပ်နဲ့တော်ဝီရွာအကြားရှိ ရန်ကုန်-မန္တလေးရထားလမ်းပိုင်း မိုင်းခွဲဖျက်ဆီးခံရပြီးနောက်မှစ၍ စစ်ကောင်စီက ဆောထိမြို့နယ်၊ ပိန်းဇလုပ်မြို့နှင့် ကျောက်တံခါးမြို့နယ်၊ မျက်ရဲနှင့်နံဇရွာများဘက်တွင် တပ်အင်အားများ ဖြည့်တင်းလာခြင်းဖြစ်ကြောင်း ဒေသခံ အမျိုးသမီးက ဆိုသည်။
၎င်းအမျိုးသမီးက “မျက်ရဲရွာဘက်မှာ ဒီမနက်ပဲရောက်လာတာ စစ်တပ်အင်အား ရာဂဏန်းလောက်ရှိတယ်။ လက်နက်ကြီးကလည်း ဒီနေ့အထိက ပတ်ပတ်လည်ကနေ ထုနေတာပဲ။ ခုလည်း အဲဒီဘက်မှာရှိနေတဲ့ KNU ပူးပေါင်းအဖွဲ့နဲ့တိုက်ပွဲဖြစ်ဖို့ များနေတယ်။ အဓိက စစ်တပ်က နေရာမသိတော့ ရမ်းသမ်း ပြီး ထုတယ်။ သတင်းထုတ်တဲ့အချိန်မှ ပြည်သူထိလားရဲဘော်ထိလားဆိုတာကို စောင့်မယ်။ ပြီးရင်မှန်းချမယ့် သဘော” ဟု ယနေ့တွင် ကေအိုင်စီသို့ ပြောသည်။
ပိန်းဇလုပ်နှင့်အနီးတစ်ဝိုက်တွင်လည်း ရထားလမ်းပျက်စီးသွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်က တပ်အင်အားများအပါအဝင် စစ်သုံးယာဥ်များပါ ဖြည့်တင်းထားကြောင်း မြေပြင်သတင်းအရင်းအမြစ်များအရ သိရသည်။
ထို့အတူ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု အများအပြားခံရသောကြောင့် ပိန်းဇလုပ်ရွာမဘက်မှ ပိန်း ဇလုပ်မြို့ပေါ်သို့ ရွှေ့ပြောင်းနေထိုင်ရသူအများစုမှာ စပါးရိတ်သိမ်းချိန်သာ နေအိမ်ပြန်လုပ်ကိုင်ကြရသလို မြို့အတွင်း အဝင်အထွက်ကို ထောက်ခံစာပါမှသွားလာရသည်အထိ သွားလာရေးအခက်အခဲရှိနေသည်ဟု ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။

၎င်းက “အဲ့ဘက်ကရွာတွေမှာ လူတောင်သိပ်မရှိတော့ဘူး။ ပိန်းဇလုပ်မြို့ပေါ်မှာပဲ သွားနေကြတာများတယ်။ လယ်လုပ်တဲ့သူများတော့ စပါးရိတ်တဲ့ရာသီ ရွာပြန်ကြရဦးမယ်။ ညကျရင်မြို့ပြန်တက်အိပ်ပေါ့။ မြို့ပေါ်က စစ်တပ်ထိုင်တဲ့နေရာဆိုတော့ လက်နက်ကြီးအန္တရာယ်ကင်းတယ်လေ။ ရွာမဘက်က လက်တစ်ကမ်းတင်ဆို တော့ ပိုခံရတယ်။ အဲဒါကြောင့်လူသိပ်မနေကြတော့တာ။ မြို့ထဲလည်း လူစိမ်းသွားလို့မလွယ်ပါဘူး။ ဒေသခံ တောင် အုပ်ချုပ်ရေးမှူးထောက်ခံစာနဲ့မှ သွားလို့လာလို့ရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
အောက်တိုဘာလ(၁၆)ရက်နေ့ကလည်း ပိန်းဇလုပ်မြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းနှင့် တော်ဝီရွာ၊ ရေကြည်ချောင်းရွာရှိ စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးများပစ်ခတ်ခဲ့သဖြင့် ချုံအင်းကျေးရွာနေ ဒေသခံ(၃)ဦးနှင့် အိမ်မွေးတိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
ထိုနေ့တွင်ပင် ပိန်းဇလုပ်တပ်နှင့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၂၀) တို့မှ ရွာသာရွာနှင့် ပျင်ရေကြီး ရွာများအတွင်းသို့ လည်းကောင်း၊ အောက်တိုဘာလ(၁၇)ရက်နေ့တွင် ပိန်းဇလုပ်တပ်မှ ခရုကုန်းလယ်ကွင်း၊ ရေတွင်းကုန်းနှင့် တောင်ခင်းကျေးရွာများအတွင်းသို့ လည်းကောင်း လက်နက်ကြီးများ ထပ်မံပစ်ခတ်ခဲ့ရာ ဒေသခံများ၏ နေအိမ်(၂)လုံး ထိမှန်ပျက်စီးခဲ့သေးကြောင်း KNU က ယမန်နေ့က သတင်းထုတ်ပြန်ထား သည်။
စစ်ကောင်စီဘက်က လုံခြုံရေးချထားသည့်ကြားမှ အောက်တိုဘာလ(၁၇)ရက်နေ့တွင် မိုင်းခွဲ ဖျက်ဆီးခံခဲ့ရသော အဆိုပါ ရန်ကုန်-မန္တလေး အစုန်အဆန်ရထားလမ်းပျက်စီးပြီးနောက် ဖြတ်သန်း သွားလာရမည့်ခရီးစဥ်များ ရပ်နားခဲ့ရကြောင်းလည်း မြန်မာ့မီးရထား၏တာဝန်ရှိသူများက ပြောဆို ထားသည်။



















