Home တွေ့ဆုံမေးမြန်းခန်း လူငယ်အသေးစားစီးပွားရေးလုပ်ငန်းရှင် စောလေးနှင့် တွေ့ဆုံမေးမြန်းခြင်း

လူငယ်အသေးစားစီးပွားရေးလုပ်ငန်းရှင် စောလေးနှင့် တွေ့ဆုံမေးမြန်းခြင်း

705

လူငယ်အသေးစားစီးပွားရေးလုပ်ငန်းရှင် စောလေးနှင့် တွေ့ဆုံမေးမြန်းခြင်း

“ကြိုးစားမှုမရှိရင် ကိုယ်ဘယ်လောက်ပဲ တတ်တတ်၊ ဘယ်လောက်ပဲ ပါရမီ ရှိရှိ ဘာမှဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ဖြစ်လာနိုင်တာက ကြိုးစားမှုပါပဲ။ အဲဒါကြောင့် အရှုံးမပေးပါနဲ့။”

ကရင်လူငယ် အသေးစားစီးပွားရေးလုပ်ငန်းရှင်စောလေးသည် အနုပညာရှင်လောကကနေပြီး အွန်းလိုင်းပေါ်စျေးရောင်းတဲ့ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်လာတာဖြစ်ပါတယ်။ သူ့လုပ်ကိုင်နေတဲ့ အွန်လိုင်းစီးပွားရေးမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို ဘယ်လို ကျော်ဖြတ်ခဲ့ရသလဲဆိုတာနဲ့ပတ်သက်ပြီး ကေအိုင်စီ-ကရင်သတင်းဌာနက တွေ့ဆုံမေးမြန်းထားတာတွေကို ဖော်ပြလိုက်ပါတယ်။

ကေအိုင်စီ။ ။ ပထမဦးဆုံး အခုလို ငါးပိထောင်းပဲဖြစ်ဖြစ်၊ ဒီအသက် မွေးဝမ်း ကျောင်းအလုပ်ကို လုပ်ဖြစ်ဖို့ ဘယ်လိုစဉ်းစားချက်တွေဖြစ်ပေါ်လာသလဲ အဲဒါကို နည်းနည်းလောက်ရှင်းပြပေးပါအုံး။
စောလေး။ ။ ညီလေး ငါးပိထောင်းကို စတင်ရောင်းချတုန်းကဆိုရင် သူများ တော်တော်လေးကို ပုတ်ခတ်ပြောဆိုကြတယ်။ ဟေး . စောလေး မင်းငါးပိထောင်းရောင်းတာ၊ ကရင်တွေက ငါးပိထောင်းကို မဝယ်စားကြဘူး။ သူတို့စားရင် သူတို့ကိုယ်တိုင်ကပဲ လုပ်စားမှာပေါ့။ သူများဝယ်စား ကြမှာမဟုတ်ဘူး။ ညီလေးက ငယ်ငယ်ကတည်းက အဖွားနဲ့ ကြီးပြင်းလာတယ်။ အဖွားက တောင်ပေါ်သူဖြစ်တယ်။ ငါးပိထောင်းဆိုတာ တောင်ပေါ်ကရင်စ တိုင်လ်နဲ့ပဲ လုပ်စားကြတယ်။ သူများတွေက အများကြီးလာပြောတာပေါ့။ ရောင်းလို့ရမှာမဟုတ်ဘူး။ ဝယ်စားကြမှာမဟုတ်ဘူး။ ညီလေးက ဆက်လုပ်တယ်။ အဖွားကို ပြောတာပေါ့။ အဖွား.. ကျနော်ငါးပိထောင်းလုပ်ပြီး ရောင်းစားမှာပေါ့။ သိပ်မရရင်နေပါစေ။ တစ်လဆို အဗူး ၂၀၀ လောက် ရောင်းထွက်ရင်ရပြီ။ စရောင်းတဲ့ လမှာပဲ အဗူး ၁,၅၀၀ ရတယ်။ တစ်ကြိမ်တစ်ခါမှ မစဉ်းစားမိဘူး။ ညီလေးက ငါးပိထောင်းကိုရောင်းရင်း စားသုံးပြတာတွေလုပ်တယ်။ အဲဒါကို နိုင်ငံခြားရောက်သူတွေလည်း တွေ့ကြတယ်။ အဲဒီမှာ ငါးပိရောင်းလို့ရတယ်ဆိုတာ မြင်ကြတယ်။ အဲဒီမှာလည်း သူတို့က ညီလေးအပေါ် ယုံကြည်လာကြတယ်။ အဲဒီလို တဆင့်ချင်း ယုံကြည်ရာကနေ အခုထိပေါ့နော်။ အခုဆို တစ်လဆိုရင် ငါးပိထောင်းဘူးရေ သောင်းကျော်အထိ ရောင်းထွက်ပါတယ်။

ကေအိုင်စီ။ ။ ဒီအလုပ်မျိုးက နယ်စပ်ဒေသမှာ လုပ်တဲ့သူတွေက အများကြီးရှိတယ်။ ဆိုတော့ ဒီလုပ်ငန်းလည်ပတ်ဖို့ အခက်အခဲ၊ ကြုံတွေ့ရတဲ့စိန်ခေါ်မှုတွေကို ပြောပြပေးပါအုံး။
စောလေး။ ။ ပြောရမယ်ဆိုရင် အခက်အခဲတွေအများကြီးကို ကြုံတွေ့ရတယ်။ နံပါတ် ၁ တစ်ချက်က သူများတွေက အားမပေးဘူး။ ဒါက ညီလေး ကြုံရတာပေါ့။ သူများတွေ အားမပေးဘူး။ ကျနော်တို့ အဝန်းအဝိုင်းမှာပေါ့နော်။ ညီလေးမြင်တာက ဒီကလေးက တိုးတက်လာတယ်ဆိုရင်၊ လူတစ်ယောက်က တိုးတက်လာတယ်ဆိုရင် တစ်ဦးတစ်ယောက်က ဖိနှိပ်ချင်လာတယ်။ အဲဒါကိုတော့ ကျနော်တို့ အားတင်းထားရမှာပေါ့။ စိတ်ဓာတ်မကြံ့ခိုင်ရင် ထိုးဖောက်ဖို့က မလွယ်ကူဘူး။ စိတ်ကို ခိုင်ခိုင်မာမာထားရမယ်။ လူတွေဘယ်လိုပဲပြောပြော၊ လူတွေကလာပြီး ပုတ်ခတ်ပြောဆိုပေမယ့်လည်း ကိုယ့်ကိုလာပြီးထမင်းကျွေးတာမဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်ကပဲ လုပ်ရမယ်။ စိတ်ခိုင်ခိုင်ထားရတာပေါ့။

ကေအိုင်စီ။ ။ ကိုယ့်လုပ်ငန်းကိုလုပ်တဲ့အခါမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေကို ဘယ်လိုစိတ်ထားမျိုးကိုထားပြီးတော့ ကျော်ဖြတ်တာလဲ။
စောလေး။ ။ ဘယ်လိုကျော်ဖြတ်သလဲဆိုတော့ စိတ်ကိုကြံ့ကြံ့ခိုင်ခိုင်ထားရတာပေါ့။ နံပါတ် ၁ တစ်ချက်က ကြိုးစားမှုရှိရမယ်။ ညီလေးဆိုရင်လည်း အစကတည်းက အွန်လိုင်းမှာရောင်းတတ်တာမဟုတ်ပါဘူး။ ညီလေးက အနုပညာနောက်ခံကနေ လာတယ်။ ညီလေးက တဆင့်ချင်းတက်လာရတယ်။ နံပါတ် ၁ က ကြိုးစားမှုပါ။ အွန်းလိုင်းအလုပ်က တစ်ခါတလေစိတ်ဓာတ်ကျတဲ့အချိန်လည်းရှိပါတယ်။ စိတ်ကို ခိုင်ခိုင်ထားရတယ်။ တစ်ခါတလေ အားငယ်တာလည်းရှိတယ်။ အွန်လိုင်း ဆက်မရောင်းချင်တော့တဲ့အခါလည်းရှိပါတယ်။ ဒါပေမဲ့ တဆင့်ချင်းတက်လာချင်တော့ အကောင်းဆုံးလုပ်ရတာပေါ့။

Photo: Saw Lay FB

ကေအိုင်စီ ။ ။ နောက်တစ်ခုက ကိုယ့်ရဲ့ဖောက်သည်က နိုင်ငံတော် တော်များများမှာရှိတယ်။ ကိုယ့်ရဲ့ ထုတ်ကုန်က ကိုယ့်ဖောက်သည်ကြိုက်အောင် လုပ်ပေးရတာရှိတယ်။ အခုဆို ကိုယ့်ရဲ့ထုတ်ကုန်က ဘယ်နှစ်မျိုးရှိပြီလဲ။ ရှေ့ဆက်ကော ဘာများထပ်ထုတ်သွားဖို့ရှိပါသေးသလဲ။
စောလေး။ ။ အခု ညီလေးထုတ်ကုန်ကတော့ ငါးပိထောင်းရှိမယ်။ ကော်ဖီရှိမယ်။ နောက်ပြီး အခုအသစ်ထပ်ထုတ်တဲ့ ငါးခြောက်ထောင်းပေါ့။ အဲဒီအပြင် နောက်လဆို သဘာဝဗိန္ဒောဆေး ညီလေးထုတ်သွားမှာပေါ့။ အဲဒီဆေးကိုသောက်ရင် ကျန်းမာရေးကောင်းလာတဲ့ဆေးပေါ့။ ဘာကြောင့် ညီလေးဒီသဘာဝဆေးကို ထုတ်ရတာလဲဆိုရင် ကျနော်တို့ ကရင်လူမျိုးတွေက သူများနိုင်ငံမှာလာနေတာ ဒီလိုပဲနေကြတာမဟုတ်ဘူး။ အလုပ်လုပ်ရတယ်။ အဲဒီလို လုပ်ကိုင်တဲ့အခါမှာ ခါးနာတာတွေရှိလာမယ်။ အထဲက ရောဂါတွေပေါ့နော်။ ကိုယ်လက်ကိုက်ခဲတာတွေရှိမယ်။ အလေး အပင်လုပ်တဲ့သူတွေက ဒါတွေကိုကြုံရမယ်။ အဲဒါကြောင့် ညီလေးက ဒီသဘာဝဆေးကို ထုတ်ဖို့ စိတ်အားထက်သန်တယ်။

ကေအိုင်စီ။ ။ နောက်တစ်ခုက စီးပွားရေးလုပ်ဖို့ စိတ်အားထက်သန်တဲ့ လူငယ်တွေ အများကြီးရှိတယ်။ စိတ်အားထက်သန်ကြပေမယ့် လုပ်ရမယ် နည်းနာ လမ်းကြောင်းမတွေ့တာလည်းရှိတယ်။ အဲဒါကြောင့် ညီလေးကလုပ်လာခဲ့ပြီးပြီ၊ ဖြတ်သန်းလည်း ဖြတ်သန်းခဲ့ပြီးပြီဆိုတော့ ကိုယ့်ရဲ့ လုပ်ငန်းအတွေ့အကြုံတွေကို စီးပွားရေးလုပ်ချင်တဲ့ လူတွေအတွက် မျှဝေဖလှယ်ပေးပါအုံး။
စောလေး ။ ။ ဒီဟာနဲ့ ပတ်သက်ပြီး ပြောချင်တာက ဘယ်လိုပါရမီ၊ အတတ်ပညာမှမလိုပါဘူး။ ညီလေးဆိုလည်း ဒီဟာကိုလုပ်ဖို့ ပါရမီ၊ အတတ် ပညာရှိတာမဟုတ်ပါဘူး။ ညီလေးအမြဲတမ်းပြောတယ်။ နံပါတ် ၁ တစ်ချက်က ကြိုးစားမှုပါပဲ။ ကြိုးစားမှုမရှိရင် ကိုယ်ဘယ်လောက်ပဲတတ်တတ်၊ ဘယ်လောက်ပဲပါရမီ ရှိရှိ ဘာမှဖြစ်လာနိုင်မှာမဟုတ်ဘူး။ ဖြစ်လာနိုင်တာက ကြိုးစား မှုပါပဲ။ အဲဒါကြောင့် အရှုံးမပေးပါနဲ့။ ညီလေးပြောချင်တာက တချို့သူဆို အခက်အခဲ နည်းနည်းပါးပါးကြုံရတယ်။ ဟာမလုပ်နိုင်တော့ဘူး ဝပြီ။ အလုပ်တစ်ခု လုပ်တယ်ဆိုတာ တက်လိုက်၊ ကျလိုက်က သဘာဝပေါ့နော်။ အဲဒါကို ပြောချင်တယ်။ တက်လိုက်ကျလိုက်က သဘာဝပါပဲ။ ဒါပေမဲ့ ကြိုးစားရမယ်။ အဲဒါပဲရှိမယ်။

ကေအိုင်စီ။ ။ နောက်ဆုံးအနေနဲ့ မေးတဲ့အထဲမှာမပါဘဲ ညီလေးအလုပ်နဲ့ပတ်သက်ပြီး ပြောပြချင်တာများရှိအုံးမလား။
စောလေး ။ ။ ကျနော်အလုပ်နဲ့ပတ်သက်ပြီး နောက်နှစ် ကော်ဖီကို ကုမ္ပဏီအနေနဲ့ ထုတ်သွားမှာပေါ့။ ကုမ္ပဏီဆိုတာက တိတိကျကျလုပ်ရမယ်။ အစိုးရကိုလည်း အခွန်တချို့ဆောင်ရမယ်။ အမြတ်တချို့ရမယ်။ ကော်ဖီကိုတော့ ချဲ့ထွင် သွားမှာပေါ့။ အခုက ကုမ္ပဏီအဆင့်ထိ မဖြစ်လာသေးဘူး။ နောက်နှစ်မှ ဖြစ်လာမယ်။ ကုမ္ပဏီတစ်ခုထောင်ပြီး အွန်းလိုင်းလုပ်ငန်းနဲ့ပတ်သက်ပြီး အလုပ်လုပ်ချင်တဲ့ လူငယ်တွေကို ထပ်ခေါ်မယ်။ အွန်လိုင်းလုပ်ငန်းကို ဘယ်လို လုပ်ရမလဲ။ ဘယ်လို စတိုင်လ်မျိုးရှိလဲ။ အွန်းလိုင်းစျေးရောင်းတယ်ဆိုတာ ဘယ်လိုရောင်းရမလဲ။ ဘယ်လို ပြောရမလဲ။ ဘယ်လို အိုင်ဒီယာထုတ်ရမလဲ။ သူများထက် ထူးခြားရမှာပေါ့။ သူများနဲ့ အလားတူလုပ်ရင်မဖြစ်ဘူး။ တချို့ လူငယ်ဆို ဒီအလုပ်မျိုးကို လာလုပ်ချင်ကြတယ်။ သိပ်မတတ်တော့ ညီလေး သင်ပေးသွားတယ်။ ညီလေးနဲ့လာနေတဲ့သူတွေဆို ညီလေးသင်ပေးတယ်။ နောက်ပိုင်းကျရင် Team အကြီးကြီးနဲ့ ရှိသွားမယ်။