Home တွေ့ဆုံမေးမြန်းခန်း မုန်းမြို့မှ လယ်စိုက်တောင်သူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

မုန်းမြို့မှ လယ်စိုက်တောင်သူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

674
Photo: CJ

“ဆန်စပါးဈေးကတော့ စပါးတင်းတစ်ရာကို အရင်က ဆယ်သိန်းကျော်ကနေ အခုက ခုနှစ်သိန်းလောက်ပဲ ရှိတော့တယ်။ အဲလောက်ဈေးနဲ့လည်း ရောင်းရမှာပဲ၊ ဒါပေမဲ့ ထုတ်ဖို့ကိုက မလွယ်တာ၊ ကုန်သည်တွေရော လယ်သမားတွေရောက ကန့်သတ်စစ်ဆေးတာတွေကြောင့် သယ်ဖို့ အခက်အခဲရှိနေတာလေ” မုန်းမြို့မှ လယ်စိုက်တောင်သူတစ်ဦး

အောက်တိုဘာ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၃) ထိန်းချုပ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်သည် စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ပဋိပက္ခများကြောင့် KNU ခရိုင်များအနက် စစ်ဘေးရှောင်ဦးရေ သိန်းနှင့်ချီ၍ အများဆုံးရှိနေသော ဒေသဖြစ်သည်။

အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ဒေသခံပြည်သူများ အများဆုံးလုပ်ကိုင်ကြ သည့် ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းသည်လည်း နှစ်ဖက်တိုက်ပွဲများ၊ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ရခြင်းနှင့် လမ်းပန်း ဆက်သွယ်ရေး ကန့်သတ်ပိတ်ဆို့ခံရခြင်းကြားမှ ခက်ခက်ခဲခဲ ရှင်သန်နေထိုင်နေကြရသည်။

ထိုအခြေအနေများကြောင့် စစ်အာဏာသိမ်းကာလအတွင်းက ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ တောင်သူလယ်သမားများ၏ အခက်အခဲများကို သိရှိနိုင်ရန် ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်မှ လယ်စိုက်တောင်သူတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ။ ညောင်လေးပင်ခရိုင်ထဲမှာ စစ်တပ်က ကုန်ပစ္စည်း သယ်ယူပို့ဆောင်တဲ့ နေရာမှာ ကန့်သတ်ပိတ်ဆို့တာတွေ လုပ်နေတယ်လို့ သိရတယ်။ အဲဒီအခြေအနေကို ပြောပြပေးပါဦး။
အခုလက်ရှိအခြေအနေကတော့ မြေဩဇာတို့၊ ပိုးသတ်ဆေးတို့ လယ်သမားသုံး တဲ့ပစ္စည်းတွေ အကုန်လုံးက တဖက်ရောင်းမယ့်နေရာကို တိုက်ရိုက်ပို့လို့မရဘဲ တောလမ်းနဲ့ဖြစ်ဖြစ်၊ ရေလမ်းနဲ့ဖြစ်ဖြစ် သွယ်ဝိုက်ပြီးတော့ သယ်နေရတာကြာပါပြီ။ မိုးတွင်းတစ်တွင်းလုံးပဲ။ စစ်တပ်က စစ်ဆေးရေးဂိတ်တွေ တစ်ဂိတ်ပြီးတစ်ဂိတ် ချထားတဲ့အပေါ်မှာ စားနပ်ရိက္ခာ၊ လောင်စာဆီ၊ ပြီးတော့ စပါးတွေရိတ်တဲ့နေရာမှာ လိုအပ်တဲ့ဒီဇယ်ဆီတို့ကို အကန့်အသတ်နဲ့ သယ်ယူပို့ဆောင်ရမယ်ဆိုပြီးတော့ ကန့်သတ်တာတွေရှိတော့ အဲ့လိုခက်ခဲကုန်ကြတာပါ။

မေး။ ။ အခု တောင်သူလယ်သမားတွေက စစ်ဘေးလည်း ရှောင်ရတဲ့ အခြေအနေဆိုတော့ လယ်တွေရိတ်ဖို့အတွက် ဘယ်လိုအခက်အခဲတွေရှိနေလဲ ပြောပြပေးပါဦး။
လက်တလောက စပါးရိတ်သိမ်းချိန်ရောက်ပြီလေ။ ဒါပေမဲ့ ရိတ်သိမ်းလို့မရဘူး၊ ကားလမ်းနဲ့ အနီးတဝိုက်မှာရှိတဲ့ လယ်တွေမှာဆိုရင်လည်း မရိတ်သိမ်းနိုင် သေးတဲ့စပါးတွေ အများကြီးရှိသလို ကျောက်တံခါးဘက်က တလိုင်းခင်ရွာ ဘက်မှာဆိုရင် ပစ်ခတ်မှုတွေဖြစ်လို့ ဒေသခံပြည်သူတွေက ထွက်ပြေးနေတဲ့ အချိန်မှာ စစ်တပ်ကနေရာယူပြီးတော့ ပြည်သူတွေရဲ့လယ်တွေ ရိတ်မယ်ဆိုပြီး ရိတ်ချွေစက်တွေ သုံးလေးစီးလောက် လာချထားတာရှိတယ်။ အဲ့လောက်ထိ အခြေအနေဆိုးတာ။ ပြီးတော့ ရာသီဥတုကြောင့် မုန်းမြို့နယ်ထဲမှာဆိုရင်လည်း ပျဥ်းမပင်တစ်ခွင်လုံးမှာရှိတဲ့ လယ်ဧကသုံးရာကျော် လေးရာမှာက စပါးတွေ ဝါကုန်ပြီ။ မိုးရေကြီး၊ မြစ်ရေတက်တော့ လယ်တွေမြှုပ်၊ စပါးတွေမြှုပ်ပြီးတော့ အကုန်လုံးပျက်စီးတဲ့ အခြေအနေဖြစ်ကုန်တယ်။ ရေကြီးတာရော ၊ စပါးရိတ်သိမ်းတာလည်း လွတ်လွတ်လပ်လပ်နဲ့ ရိတ်သိမ်းခွင့်မရတာကြောင့်ရော၊ ရိတ်ပြီးပြန်ရောင်းဖို့ သယ်ယူတဲ့နေရာမှာရော အခက်အခဲ အမျိုးမျိုး ကြုံတွေ့နေရတယ်။

မေး။ ။ စပါးတွေရိတ်ပြီးတော့ သယ်ယူပို့ဆောင်တဲ့နေရာမှာ ဘယ်လို အခက်အခဲတွေ ရှိနေတာပါလဲ၊ အသေးစိတ် ပြောပြပေးနိုင်မလား။
ရိတ်ပြီဆိုရင် ရိတ်ချွေကားက ကျနော်တို့ဆီမှာ လေးငါးစီးလောက်ပဲရှိတယ်။ လယ်ဧက အများကြီးကို ဒီစက်လောက်နဲ့ပဲ မနိုင်တာတစ်ကြောင်းကြောင့်ရောပေါ့၊ အခက်အခဲကတော့ အမျိုးမျိုးပဲ။ တချို့လယ်သမားတွေဆို စပါးတွေရိတ်၊ အခြောက်လှန်းပြီး စပါးကျီထဲပဲ လှောင်ထားနေရတယ်။ မိုးတွင်း ဆိုတော့လေ။ လှောင်ထားပြီး ပြန်ထုတ်နိုင်ဖို့ကလည်း အဲဒီလမ်းကြောင်းက ပိတ်ဆို့ကန့် သတ်တဲ့အခက်အခဲက ရှိပြန်ရော။ သယ်ယူပို့ဆောင်ရေးပိုင်း အခက်အခဲ ဖြစ်တယ်ဆိုတာက ကျနော်တို့နေတာက စစ်တောင်းမြစ်ရဲ့ အရှေ့ ဘက်ပိုင်းမှာရှိတော့ ဒီကနေ အနောက်ဖက်ခြမ်းကိုသယ်ဖို့ အခက်အခဲ ရှိတယ်။ ဆန်ပွဲစားတွေ ဆိုရင်လည်း ကျနော်တို့ဆီမှာ တစ်ယောက်၊ နှစ်ယောက်တော့ ရှိတယ်။ သူတို့ဝယ်ပေးတယ်ဆိုပေမယ့် သူတို့လည်း အဲဒီစစ်တောင်းမြစ် အနောက်ဖက်ကမ်းမှာပဲ သွားရောင်းရတာပဲဆိုတော့ သယ်တဲ့နေရာမှာ အခက်အခဲရှိတာပဲ။

မေး။ ။ လက်ရှိ ဆန်စပါးဈေးကရော ဘယ်လိုရှိပါလဲ။ အရင်းအနှီးနဲ့ ပြန်ရတာနဲ့က ကိုက်ညီမှုရှိရဲ့လား။
ဆန်စပါးဈေးကတော့ စပါးတင်းတစ်ရာကို အရင်က ဆယ်သိန်းကျော်ကနေ အခုက ခုနှစ်သိန်း လောက်ပဲ ရှိတော့တယ်။ အဲလောက်ဈေးနဲ့လည်း ရောင်းရမှာပဲ၊ ဒါပေမဲ့ ထုတ်ဖို့ကိုက မလွယ်တာ၊ ကုန်သည်တွေရော လယ်သမားတွေရောက ကန့်သတ် စစ်ဆေးတာတွေကြောင့် သယ်ဖို့ အခက်အခဲ ရှိနေတာလေ။ ဈေးကောင်းရတဲ့နေ့ဆို ရောင်းမယ်ဆိုပြီး တချို့လယ်သမားတွေက အခြောက်လှန်းပြီး လှောင်ထားနေရတဲ့ သဘောရှိတယ်။ တချို့ကတော့ လုပ်အားခတွေ ဘာတွေပေးရမှာရှိတော့ ရတဲ့ဈေးနဲ့ ထုတ်ရောင်းနေရတာပေါ့။ လယ်သမားတစ်ဦးရဲ့ စိုက်ပျိုးရင်းနှီးရတဲ့ ကုန်ကျစရိတ်နဲ့ ပြန်တွက်ကြည့်ရင် ပေါင်းသတ်ဆေးဖိုး ဘာညာနဲ့ဆို စပါးဈေး ၈ သိန်း လောက်ပေါက်လည်း မကိုက်သေးဘူး။

မေး။ ။ ဒီအခြေအနေက အာဏာသိမ်းပြီးနောက်ပိုင်း ညောင်လေးပင် ခရိုင်တစ်ခုလုံးမှာ ကြုံနေရတာပါလား။
ကျနော်တို့ ညောင်လေးပင်ခရိုင်တစ်ခုလုံးပါပဲ။ လက်ရှိမှာ တောင်သူတွေက ရိတ်သိမ်းချိန် ရောက်ပြီ ဆိုတော့ ရိတ်သိမ်းချင်ပြီ။ ဒါပေမဲ့ ကျောက်ကြီး-နတ်သံကွင်းဘေးက လယ်တွေဆိုရင် မရိတ်သိမ်းနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ အဲဒီလမ်းကြောင်း မတည်ငြိမ်တာရယ်၊ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေရယ်ကြောင့်ပါ။ ပြီးခဲ့တဲ့ တစ်နှစ်ကလည်း အဲဒီလိုပဲ၊ ပျက်စီးတဲ့အထိ ထားပစ်ရတဲ့အနေအထား ဖြစ်နေတယ်။ အဲဒီလမ်းနဲ့လှမ်းတဲ့ လယ်တွေကတော့ ရိတ်တယ်။ ဒါပေမဲ့ သယ်ယူပို့ ဆောင် ရောင်းချတဲ့နေရာမှာ ခုနက ပြောသလို အခက်အခဲ ဖြစ်တာပေါ့။ အာဏာမ သိမ်းခင်ကဆို စပါးဈေးလည်း ပုံမှန်ပဲ၊ သယ်တဲ့နေရာမှာလည်း ချောမွေ့နေတာပဲ အာဏာသိမ်းလိုက်ပြီးမှ ဒီလိုတွေ ဖြစ်လာတာပါ။ လက်ရှိ ကျနော်တို့ဒေသမှာ နှစ်ဖက်ထိတွေ့ တိုက်ခိုက်မှုတွေနဲ့ ဒေသမတည်ငြိမ်တာတွေကြောင့် လယ်သမားတွေကတော့ ဒါတွေကြုံရမှာပါပဲ။