အောက်တိုဘာလ ၂၆ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဖြစ်သည့် ကွယ်လွန်သူ ပဒိုမန်းရှာလားဖန်းအား ရည်စူး၍ နှစ်စဉ် ချီးမြှင့်ပေးအပ်လေ့ရှိသည့် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု(Pado Mahn Shar Young Leader Award)ကို ၂၀၂၃ခုနှစ်အတွက် ဆုရှင်များအား အဆိုတင်သွင်းနိုင်ပြီဖြစ်ကြောင်း ဖန်းဖောင်ဒေးရှင်းက အောက်တိုဘာလ ၂၅ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုမှာ ကရင်အမျိုးသားများ၏ ကျန်းမာရေး၊ ပညာရေး၊ လူ့ အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်တည်တံ့ရေးနှင့် စာပေယဉ်ကျေးမှုဆိုင်ရာများတွင် ကိုယ်ကျိုး မငဲ့ဘဲ ဦးဆောင်လှုပ်ရှား ဆောင်ရွက်နေသည့် အသက် ၃၅နှစ်အောက် အနယ်နယ်အရပ်ရပ်ရှိ မည်သည့် လူငယ်မဆို Phan Foundationက နှစ်စဉ်ရွေးချယ်ဂုဏ်ပြုသည့်ဆုတစ်ခု ဖြစ်သည်။
ပဒိုမန်းရှာလားဖန်း၏ သမီးငယ်နန့်ဇိုယာဖန်းက “ ကျမတို့ တို့ရဲ့ကရင်လူမှုအသိုင်းအဝန်းထဲမှာ ကရင် လူမျိုးအတွက် ထူးထူးချွန်ချွန်လုပ်ဆောင်ပေးနေတဲ့ ကရင်လူငယ်တွေကို သူတို့အလုပ်အတွက် အ ထောက်အကူပြုဖို့ဆိုပြီးတော့ ကိုယ့်လူမျိုးအတွက်လုပ်ဆောင်ပေးနေတဲ့ လူငယ်တွေကို ကျမတို့က ဂုဏ်ပြုပေးတဲ့အနေနဲ့ဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုအတွက် အသက် ၃၅ နှစ်အောက် မည်သည့်နေရာတွင် နေထိုင်သည့် ကရင်လူငယ်မဆို၊ အဖွဲ့အစည်းမဆိုလျှောက်ထားနိုင်သလို အဖွဲ့အစည်းများအနေဖြင့်လည်း ဆုအတွက် မိမိတို့၏ အဖွဲ့ဝင်များကို ထောက်ခံအဆိုပြုနိုင်ပြီး ဆုရရှိသည့်သူကို ဆုငွေအမေရိကန်ဒေါ်လာ လေး ထောင်(၄၀၀၀) ပေးအပ်ချီးမြှင့်သွားမည်ဟု ဖန်းဖောင်ဒေးရှင်းက ထုတ်ပြန်ထားသည်။
“ဖေဖေ ပဒိုမန်းရှာလားဖန်းရှိစဉ်တုန်းကလည်း လူငယ်တွေကို အားပေး ထောက်ပံ့ပေးတာတွေ အများကြီးရှိတယ်။ သူမရှိတော့တဲ့အချိန်မှာ သားသမီးတွေက သတိရ အောက် မေ့တဲ့အနေနဲ့ သူ့အတွက် ကြိုးစားပြီး လူငယ်တွေကို ထောက်ပံ့ဖို့ လုပ်ဆောင်ပေးတာဖြစ်တယ်”ဟု နန့်ဇိုယာဖန်းက ဆက်လက်ပြောဆိုသည်။
အဆိုပြုလျှောက်လွှာများကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် နောက်ဆုံးထားကာ လက်ခံသွား မည်ဖြစ်သလို ဆုရရှိသူကို ၂၀၂၄ခုနှစ်နှစ်ဆန်းပိုင်းတွင် ကြေညာသွားမည်ဖြစ်ကြောင်းလည်း ဖန်းဖောင် ဒေးရှင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထို့အပြင် လျှောက်လွှာများကို ကရင်၊ မြန်မာ၊ အင်္ဂလိပ်ဘာသာများဖြင့် အမည်၊ အသက်၊ မွေးသက္ကရာဇ်၊ နေရပ်နှင့် အဖွဲ့အစည်းစသည့် အချက်အလက်များဖြင့် bwabwa.phan@ phanfoundation.org တွင် ပေးပို့ လျှောက်ထားနိုင်သည်ဟု Phan Foundation က ထုတ်ပြန်ထားသည်။
ကွယ်လွန်သူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်း ရှာလားဖန်းနှင့် ဇနီးနန့်ကျင်ရွှေတို့အား ရည်စူး၍ ကျန်ရစ်သူသားသမီးများမှ အဆိုပါဖောင်ဒေးရှင်းကို တည်ထောင်ပြီး နယ်ပယ်အသီးသီးတွင် စွမ်းဆောင်နိုင်ခဲ့သည့် ကရင်လူငယ်များကို ၂၀၀၈ ခုနှစ်မှစတင်ကာ နှစ်စဉ်ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ဆိုလျှင် (၁၅)ဦးမြောက်ရှိနေပြီးဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် လူငယ်ခေါင်းဆောင်ဆုကို ကရင်ပညာရေးအတွက် ဦးဆောင် လမ်းပြသူ တစ်ဦး ဖြစ်သလို ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန-KECD လက်အောက်ရှိ အထက်တန်းကျောင်းနှင့် ဂျူနီယာ ကောလိပ်( Junior College) ကျောင်းတည်ထောင်သူဖြစ်သည့် လူငယ်အမျိုးသမီး နော်ဟေသီဂျူးကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ နေအိမ်တွင် အမည်မသိသေနတ်သမားနှစ်ဦး၏ လုပ်ကြံသတ်ဖြတ်ခြင်းခံရကာ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။



















