Home သတင်း ဂျိုင်းကော့ကရိတ်တံတားသစ် ဖွင့်ပွဲလုပ်ရန် ကျုံဒိုးဒေသအတွင်း စစ်တပ်အင်အားတိုးချဲ့လှုပ်ရှားနေ

ဂျိုင်းကော့ကရိတ်တံတားသစ် ဖွင့်ပွဲလုပ်ရန် ကျုံဒိုးဒေသအတွင်း စစ်တပ်အင်အားတိုးချဲ့လှုပ်ရှားနေ

544
Photo: CJ

အောက်တိုဘာ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျုံဒိုးကျေးနယ်အပိုင် ဂျိုင်းမြစ်ကူးတံတားသစ် (ဂျိုင်းကော့ကရိတ်) တံတားဖွင့်ပွဲအတွက် စစ်ကောင်စီတပ်က အနီးဝန်းကျင် ကျေးရွာများဘက်နှင့် စစ်တပ်ရင်းနှစ်ခုတွင် စစ်အင်အား ဖြည့်တင်းပြင်ဆင်နေကြောင်း ဒေသခံသတင်းအရင်းအမြစ်များအရ သိရသည်။

JICA ဂျပန်ဖောင်ဒေးရှင်း၏ မြန်မာကျပ်ငွေ ၆ ဒသမ ၈( ၆.‌၈) ဘီလီယံ အကုန်အကျခံ ဆောက်လုပ် ပေးထားသည့် ဂျိုင်း(ကော့ကရိတ်)တံတားသစ်ကို ၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်က စတင် တည်ဆောက်နေခြင်းဖြစ်သည်။ ယခုစစ်အာဏာသိမ်းစစ်ကောင်စီ လက်ထက် ၂၀၂၃ ခုနှစ် အောက်တို ဘာလ ၂၈/၂၉ ရက်တို့တွင် ဖွင့်ပွဲပြုလုပ်မည်ဟု သတင်းများထွက်ပေါ်လာပြီးနောက်ပိုင်း စစ်တပ်က စစ်အင်အားတိုးချဲ့လုံခြုံရေးပြင်ဆင်နေကြောင်း ကျုံဒိုးဒေသခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“အခုရက်ပိုင်းမှာ ကျုံဒိုး ၅၄၅/၅၄၆ တပ် ၂ ခုမှာ စစ်အင်အားတိုးနေတယ်။ ဘေးရွာတွေဘက်လည်း ကင်း ပုန်းစစ်ကြောင်းတွေ ပတ်နေတယ်။ ကျုံဒိုးတစ်ဘက်ကမ်းက ကော့လျှမ်းတို့၊ ကော့ကျိုက်တို့ ဘက် တွေမှာ ကင်းပတ်တဲ့ ပုံစံမျိုးနဲ့ ရောက်နေတယ်။ တံတားဖွင့်ပွဲက အခု ၂၈/၂၉ ရက် သီတင်း ကျွတ်အဖိတ်နေ့နဲ့ လပြည့်လို့ ပြောသံကြားနေတော့ PDF တွေ လာမတိုက်အောင် စစ်တပ်က လုပ် နေတာမျိုးရှိတယ်။ တံတားမှာတော့ ဖွင့်ပွဲပြင်ဆင်တားမျိုးရှိနေတယ်။ စစ်တပ်ကလည်း တံတားနှစ် ဖက်စလုံးမှာ ‌အပေါ်ဘက် အောက်ဘက်ရှိနေတယ် ”ဟု ကျုံဒိုးဒေသခံက ပြောသည်။

အရှည် ၁၉၀၃ ပေ၊ လမ်းအကျယ် ၇၄ ပေရှိပြီး ကားနှင့်ကုန်ချိန်တန် ၆၀ ခံနိုင်ဝန်အားရှိသည့် ကျုံဒိုး ကျေးနယ် ဂျိုင်းမြစ်ကို ဖြတ်သန်းတည်ဆောက်ထားသော သံကူကွန်ကရစ် ကြိုဆိုင်းတံတားသစ်သည် ထိုင်း၊ မြန်မာတရုတ်နှင့် ဗီယက်နမ်သို့ ကုန်စည်စီးဆင်းမည့် အာရှကုန်းတွင်းပတ်လမ်း စီမံကိန်း၏ အစိတ်အပိုင်းတံတား တစ်စင်းဖြစ်ကြောင်း ဆောက်လုပ်ရေး ဌာနသတင်းအချက် အလက်များ အရသိရသည်။

အဆိုပါ ဂျိုင်းကော့ကရိတ်ဂျပန်တံတားသစ်ဖွင့်မည့် အစီအစဉ်တွင် KNU-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဟောင်း စောမူတူးစေးဖိုး၊ KNU တပ်မဟာ ၆၊ တပ်မဟာ ၇ မှ တာဝန်ရှိသူများ၊ ဂျပန် နိပွန် ဖောင် ဒေးရှင်း ဥက္ကဋ္ဌ (ငြိမ်းချမ်းရေး အကျိုးဆောင်) မစ္စတာဆာဆာကာဝါ နှင့် ဂျပန်သံရုံးတာဝန်ရှိသူများ ၊JICA ဂျိုက်ကာဖောင်းဒေးရှင်းတာဝန်ရှိသူများ၊ ဒေသတွင်း ကရင်အပစ်ရပ်ငြိမ်းချမ်းရေး လက်မှတ်ထိုး ထားသည့် လက်နက်ကိုင်အဖွဲ့များ၊ စစ်ကာင်စီအကြီးတန်းအရာရှိများ တက်ရောက်မည်ဟု ပြည်နယ် စစ်ကောင်စီသတင်းအရင်းအမြစ်ပြောစကားအရ သိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ KNLA ပူးပေါင်းတပ်များ ဒရုန်းဖြင့် လာရောက်မတိုက်ခိုက်ခံရ စေရေး အတွက် စစ်ကောင်စီကျုံဒိုးအခြေစိုက် ခြေလျင်တပ်ရင်း -ခလရ ၅၄၅၊၅၄၆ စစ်တပ်များအတွင်း နှင့် ဂျိုင်း တံတားလုံခြုံရေးစစ်ကြောင်းများတွင် ဒရုန်းသေနတ်များ၊ Jammer ရေဒီယိုလှိုင်းဖြတ်စက်များ၊ ပွိုင့် ၅ စက်သေနတ်များ၊ ငါးကြင်းမြှီးစက်သေနတ်များအား အတွဲလိုက်ပစ်ခတ် နိုင်ရန် အသင့်ပြင် ဆင်ထားကြောင်း ကျုံဒိုးစစ်တပ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

Photo: CJ

စစ်တပ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က “တံတားက စစ်တပ်ရော ၅၄၅ /၅၄၆ ရော Jammer တွေ ၊ စက်သေနတ်တွေ ပြင်ထားတယ်။ စစ်တပ်ထဲမှာ မိုးပေါ်က လာချမယ့်ဒရုန်းကို ပစ်ချနိုင်အောင် ဒရုန်းသေနတ်၊ စက်သေနတ်တွေ ဆင်ထားတယ်။ တံတားကင်းကတုတ်မှာလည်း လက်နက်ကြီးတွေ ဆင်ထားတယ်။ မြစ်ထဲမှာ စစ်‌သင်္ဘောရှိနေတယ်။ စစ်တပ်က လူကြီးတွေ၊ KNU လူကြီးတွေ လာမယ်ဖွင့်မယ် သတင်းက ပျံ့နေတယ်။ ”ဟု ပြောသည်။

လတ်တလော ကရင်ပြည်နယ်အတွင်း ဖားအံ၊ လှိုင်းဘွဲ မြို့နယ်နှစ်ခုမှအပ ကော့ကရိတ်၊ ကြာအင်း ဆိပ်ကြီး၊ သံတောင်၊ ဖာပွန်၊ မြဝတီ မြို့နယ် ၅ခုတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းသည့် တော်လှန်ရေးတပ်ဖွဲ့များ နှစ်ဖက်စစ်ရေးတင်းမာမှုနှင့် ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားမှုနေ့စဉ် ဆက်ရှိနေကြောင်း သိရှိရသည်။

ယခု ဖွင့်လှစ်မည့် ကော့ကရိတ် ဂျိုင်းမြစ်ကူးတံတား ကျုံဒိုးကျေးနယ်ဧရိယာမှာ နှစ်ဖက် စစ်ရေးတင်းမာနေသည့် ဒေသအတွင်းရှိနေသည့်အတွက် ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ ‌မြေပြင် နှစ်ဖက်တိုက်ခိုက် ခြင်းများရှိလာပါက ဒေသခံပြည်သူများထိခိုက်နိုင်သည့်အတွက် စိုးရိမ် မှုမြင့်တက်နေကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။

အဆိုပါ တံတားဖွင့်ပွဲ စစ်ကောင်စီက ပြုလုပ်မည့်သတင်းနှင့်ပတ်သက်၍ စစ်ကောင်စီ ပြည်နယ် လုံခြုံ ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းကိုင် ဖြေဆိုခြင်းမရှိသလို ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။