Home သတင်း အရပ်သားများကို ထိုးကြိတ်ရိုက်နှက်သည့် တပ်ဖွဲ့ဝင်များကို ထိရောက်စွာအရေးယူလျက်ရှိကြောင်း KTLA ပြော

အရပ်သားများကို ထိုးကြိတ်ရိုက်နှက်သည့် တပ်ဖွဲ့ဝင်များကို ထိရောက်စွာအရေးယူလျက်ရှိကြောင်း KTLA ပြော

1234
Photo: CJ

စက်တင်ဘာလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တောနော်(ဒေါန)အရှေ့ဘက်ခြမ်း၊ မော်ခီး ကျေးရွာအုပ်စု၊ ခေါဖိုးခီးကျေးရွာတွင် ဗိုလ်စလုံးဦးစီးသည့် ကော်သူးလေအာမီ(KTLA) တပ်ဖွဲ့ ဝင်များမှ ဒေသခံရွာသားများကို ထိုးကြိတ်ရိုက်နှက်မှုများပြုလုပ်ခဲ့သော တပ်ဖွဲ့ဝင်များကို ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်စလုံးက ကေအိုင်စီသို့ ပြောသည်။

ခေါဖိုးခီးကျေးရွာရှိ (KTLA) စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ရက် နေ့ ည၈နာရီခွဲ အချိန်တွင် KTLA တပ်ဖွဲ့ဝင်များမှ ရွာသားများကို ထိုးကြိတ်မှုဖြစ်ပွားခဲ့သောဖြစ်စဉ်တွင် ပါဝင်ခဲ့သူ KTLA အထူးကွန်မန်ဒိုတပ်ရင်း တပ်ခွဲ(၂)တပ်ခွဲမှူး ဒီမိုဆိုသူကို ရာထူးမှ ထုတ်ပယ်ပြီး အခြားတပ်ဖွဲ့ဝင်များကို အချုပ်တစ်လထိန်းသိမ်းထားလိုက်ကြောင်း ဗိုလ်စလုံးက ယနေ့တွင် ပြောသည်။

၎င်းက “တပ်ခွဲ(၂)တပ်ခွဲမှူးဒီမိုကို ရာထူးမှထုတ်လိုက်တယ်။ သူ့အဖွဲ့သားတွေကိုလည်း ထောင် တစ်လချလိုက်တယ်။ ဖြစ်စဉ်က ထိုင်းဘက်ခြမ်းမှာလာတဲ့ ရွာသားလေးယောက်က အရက် လာသောက်ကြတယ်။ သူတို့က အမြဲလာနေကြလူတွေပဲ၊၊ ဒါပေမဲ့အဲ့ဒီရက်မှာ အရက်သောက် ရင်းရွာသားတွေက သေနတ် တောင်းပစ်တယ်။ ပြီးတော့ရွာထဲသွားလည်တယ်။ ပြီးတော့ ထိုင်းဘက်ခြမ်းကို ပြန်တဲ့အချိန်မှာ မျက်နှာဖုံးနဲ့ဆိုတော့ မျက်နှာဖုံးကိုချွတ်ခိုင်းတယ်။ မချွတ်တော့ အငြင်းပွားပြီးထိုးကြကြိတ်ကြတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ရိုက်နှက်ခံရသည့် ရွာသားများထဲတွင် ထိုင်း-မြန်မာနယ်စပ် အနီးရှိ တိုပယ်ဖူးကျေးရွာသားနှစ်ဦး၊ ဝါးဘွေထမှ ရွာသားနှစ်ဦးနှင့် ခေါဖိုးခီးရွာသားနှစ်ဦးတို့ပါဝင်ကြောင်း ဒေသခံများက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီး နောက်တစ်ရက် စက်တင်ဘာလ ၂၅ရက်နေ့တွင် ခေါဖိုးခီးကျေးရွာ၊ ဖောဘူး လထကျေးရွာနှင့် ကလော်ဝေါကျေးရွာ ၃ ရွာရှိ ဒေသခံရွာသားများ ပူးပေါင်းကာ ဗိုလ်စလုံးအပါအဝင် KTLA တပ်ဖွဲ့ဝင်များကို ကျေးရွာအတွင်း မရှိစေချင်ကြောင်း ရွာသားများက ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

Photo: CJ

ထိုသို့ ဒေသခံရွာသားများ၏ တောင်းဆိုဆန္ဒဖော်ထုတ်မှုများမှာ ၎င်းတို့အပေါ် မလိုလားသူများက ကုန်းတိုက်မှုတစ်ခုသာဖြစ်ကြောင်း ဗိုလ်စလုံးက ကေအိုင်စီသို့ ပြန်လည်တုန့်ပြန် ပြောဆိုသည်။

၎င်းအပြင် ၎င်းစစ်ဆေးရေးဂိတ်သည် ထိုင်း-နယ်စပ်နှင့် နီးကပ်လျက်ရှိပြီး ရိုက်နှက်ခံရသည့် ဒေသခံခြောက်ဦးထဲမှ လေးဦးမှာ ထိုင်းနိုင်ငံဘက်ခြမ်းရှိ ကျေးရွာများတွင် နေထိုင်ခြင်းကြောင့် ထိုင်းအာ ဏာပိုင်များမှ နယ်စပ်ဖြတ်ကျော်ခွင့်ကို အကြပ်ကိုင်လာမည်ကို စိုးရိမ်ကြကြောင်းလည်း ဒေသခံရွာသားတစ်ဦးက ပြောသည်။

၎င်းဒေသခံက “ရွာသားနှစ်ယာက်က ခေါဖိုးခီးရွာကပဲ။ ကိုယ်ဘက်ခြမ်းမှာဖြစ်တာက ဖြေရှင်းလို့ရတယ်။ ကျန်တဲ့လေးယောက်က ထိုင်းဘက်ကဆိုတော့ သူတို့က မကျေနပ်လို့ လူကြီးတွေနဲ့ သွားတိုင်လိုက်ရင် တစ်ဆင့်ပြီးတစ်ဆင့်ဆို နယ်မြေကျော်လို့ မရတော့ဘဲ ဖြစ်သွားနိုင်တယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့ကလည်း KTLA အထူးကွန်မန်ဒိုတပ်ရင်းမှ ၎င်းတို့စခန်း၌ ကျင်းပသည့် မင်္ဂလာပွဲတစ်ခုတွင် ဗိုလ်စလုံးနှင့်တပ်ဖွဲ့ဝင်များမှ ၇၉ မမ မော်ထာသုံးလုံး ရမ်းသမ်း ပစ်ခတ်မှုကြောင့် မယ်ကလော်ခီးကျေးရွာတွင် နေထိုင်သူ ဒေသခံတစ်ဦးသည် ခေါ်ဖိုးခီးကျေးရွာရှိ ပြောင်းခင်းတစ်ခုတွင် ဆေးဖျန်းနေစဉ် ကျည်ကျရောက်ပေါက်ကွဲထိမှန်၍ ဒဏ်ရာရရှိခဲ့သေးကြောင်း ဒေသခံများက ပြောသည်။