Home သတင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာမပါဘဲသွားလာပါက ငွေညစ်တောင်းခံနေရ

ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာမပါဘဲသွားလာပါက ငွေညစ်တောင်းခံနေရ

1118
Photo: CJ

စက်တင်ဘာ ၂၅ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့နှင့်ပလောက်မြို့တို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာမပါဘဲအပြင်ထွက်သွားလာပါက စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် ငွေညှစ်ခြိမ်းခြောက်တောင်းခံနေရမှုများကြုံနေရကြောင်း မြို့ခံများထံမှ သိရသည်။

ပလမြို့၊ လက္ကူးကျေးရွာအုပ်စုတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ရက်မှ ၁၈ရက်နေ့အထိ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်းစစ်ကောင်စီအကြား ရက်ရှည်တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ပလမြို့ပေါ်တွင် သွားလာရေးအတွက် ရပ်ကွက်အုပ်ချုပ် ရေးမှူးထောက်ခံစာများပြုလုပ်နေရကြောင်း ပလမြို့ခံတစ်ဦးက ယခုလိုပြောသည်။

“ဒီတိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာ နယ်ကျော်တာပဲဖြစ်ဖြစ်၊ အပြင်ထွက်တာပဲဖြစ်ဖြစ် ရပ်ကွက် ထောက်ခံစာသွားလုပ်ရတယ်။ ဒါပေမဲ့ ဘယ်သူမှ မလုပ်ချင်ကြဘူး။ ဒီမှာက စစ်ဆေးရေးဂိတ်တွေ အများကြီးလေ။ အကယ်၍ မပါရင်တစ်ဂိတ်ကို (၁၀,၀၀၀) တောင်းတာရှိတယ်။ (၂၀,၀၀၀) တောင်း တာရှိတယ်။ အဲ့လိုဆိုတော့ မဖြစ်မနေလုပ်ရတာပေါ့။” ဟု ၎င်းက ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ရပ်ကွက်ထောက်ခံစာမပါလျှင် စစ်ကောင်စီမှ ငွေညှစ်တောင်းခံမှုများကို ယခုရက်ပိုင်းအတွင်း ဆက်တိုက်ပြုလုပ်နေသည့်အပြင် ရပ်ကွက်ထောက်ခံစာလုပ်ရာတွင်လည်း တစ်ကြိမ်ပြုလုပ်လျှင် ငွေကျပ် (၅,၀၀၀) အထိ ပေးဆောင်ရကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။

အလားတူ ပလမြို့တွင် ၂၀၂၃ခုနှစ် ဧပြီလမှစတင်ပြီး ဆန်ဝယ်ယူရာ၌ ရပ်ကွက်ထောက်ခံစာများ ပြုလုပ်နေရသည့်အပြင် စားသုံးဆီနှင့် ဓာတ်ဆီများဝယ်ယူရာတွင်လည်း အကန့်အသတ်အနေဖြင့်သာ ဝယ်ယူ သုံးစွဲနေရကြောင်းလည်း ပလမြို့ခံများက ဆိုသည်။

Photo: CJ

အခြားပလမြို့ခံတစ်ဦးကလည်း “အရင်ကတော့ ဆန်ဝယ်ရင်ထောက်ခံစာနဲ့မှရတယ်။ အဲ့ဒါပြီးတော့ ဆီတွေသိပ်ပြီး ဝယ်လို့မရတော့ဘူး။ ပြီးတော့ နယ်ကျော်ခွင့်တွေ ဟိုနားဒီနားသွားတာတောင် ထောက်ခံ စာတွေလုပ်ရတယ်။ တော်တော်ကို အလုပ်ရှုပ်လာတယ်။ အရင်ကဆို ဘာမှလုပ်စရာမလိုဘူး။ ဆန်ဆို ကိုယ်လိုသလောက်ဝယ်လို့ ရတယ်။ တော်တော်ကြီး ပြောင်းလဲလာတယ်။” ဟု ပြောသည်။

ပုလောမြို့နယ်အတွင်းရှိ ပလောက်မြို့၊ ပုလောမြို့နှင့် ပလမြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ စည်းမျဥ်းစည်း ကမ်းပြောင်းလဲသတ်မှတ်မှုများ မကြာခဏ လုပ်ဆောင်ပြီး ဒေသခံပြည်သူများထံမှ ငွေညှစ်ခြိမ်းခြောက်မှုများပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

အလားတူ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံး အပတ်မှ စတင်ကာ ဆန်သယ်ဆောင်ခွင့်ကို စစ်ကောင်စီဘက်က တားမြစ်ပိတ်ပင်လိုက်ခဲ့ပြီး ယခုလမှစ၍ ကျေးရွာများတွင် ဆန်ပြတ်လပ်မှုများ ဖြစ်ပေါ်နေသည့်အတွက် ဒေသခံများအနေဖြင့် မိမိခြံထဲရှိ ငှက်ပျောသီးနှင့် အခြားသီးနှံများကိုသာ စားသုံးနေရကြောင်း ကျေးရွာနေဒေသခံများက ပြောသည်။