စက်တင်ဘာ ၄ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
မြ၀တီခရိုင်ရဲရုံးကို စက်တင်ဘာလ ၃ရက်နေ့ ညဦးပိုင်းက ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုအပြီး အုပ်ချုပ်ရေးဖက်၊ တပ်ဖက် အရာရှိများ အပါအဝင် ရဲတပ်ဖွဲ့ဝင် အတော်များများ ထိခိုက်၊ သေဆုံးမှုရှိခဲ့ပြီးနောက် စက်တင်ဘာ ၄ရက်၊ ယနေ့တွင် စစ်ကောင်စီက လက်ခတ်တောင်ကြောဘက်ကို ဂျက်တိုက်လေယာဉ်ဖြင့် ၃ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ဒေသတွင်း သတင်းအရင်းအမြစ်၏ ပြောဆိုချက်အရ ယနေ့ မွန်းလွှဲ ၁နာရီခွဲကျော် မိုးရွာနေချိန်တွင် စစ်ကောင်စီဘက် က ဂျက်တိုက်လေယာဉ် ၂စီးဖြင့် လက်ခတ်တောင်ကြောဘက်ကို ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကေအိုင် စီသို့ ယခုလို အတည်ပြု ပြောဆိုသည်။
“ကျနော့်နီးစပ်သူတွေနဲ့ မေးမြန်းကြည့်တာတော့ လေယာဉ်ဗုံးကြဲသွားတာက မေတ္တာလင်းမြိုင်နဲ့နီးတယ်ပေါ့နော်။ အဲဒီ တောင်ခြေဘက်ကို ကြဲသွားတာ။”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ ထိခိုက်မှု၊ ပျက်စီးမှု အခြေအနေများကို ကေအိုင်စီက ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
ယနေ့မနက်ပိုင်းတွင် ကားအစီး ၂၀ခန့်ရှိသည့် စစ်ကောင်စီယာဉ်တန်းသည် ဖားအံမြို့မှ မြဝတီမြို့ဘက်သို့ တက်လာနေကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူ ဒေသခံ သတင်းအရင်းအမြစ်များ၏ ပြောပြချက်များအရ သိရသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ သတင်းနှင့် ပြန်ကြားရေးမှ ပေးပို့သည့် သတင်းအချက်အ လက်များအရ အွန်လိုင်းစာမျက်နှာတွင် မြဝတီမြို့၊ စစ်ကောင်စီလက်အောက်ခံ မြဝတီခရိုင်ရဲရုံးကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့(K.N.L.A)နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် (၂)ကြိမ် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံတပ်မှ (၅)ဦး သေဆုံးပြီး (၁၁)ဦး ဒဏ်ရာရရှိကြောင်း ကေအဲန်ယူ၏ အွန်လိုင်းစာမျက်နှာ၌ ဖော်ပြထားသည်။



















