စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသအတွင်းရှိ စစ်ဘေးရှောင်အရပ်သားပြည်သူများသည် လတ်တလောတွင် ဆေးဝါးမလုံလောက်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း ၎င်းတို့အား အနီးကပ်ကူညီသည့် အဖွဲ့အစည်းများက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိထားဝယ်ဒေသ၊ ရေဖြူ၊ သရက်ချောင်း၊ လောင်းလုံး၊ ပုလော၊ တနင်္သာ ရီနှင့်ကော့သောင်းမြို့နယ်တို့တွင် ပြီးခဲ့သည့် ဩဂုတ်လမှ စတင်ကာအာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင် များ၏ တကျော့ပြန်စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဒေသအသီးသီးမှ စစ်ရှောင်အများစုသည် ယနေ့ အချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ဆေးဝါးလို အပ်ချက်များရှိ လာကြောင်း ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၎င်းက “စစ်ရှောင်နေရတာ အချိန်ကာလကလည်း ကြာလာတော့ ဆေးဝါးအခက်အခဲက ရှိနေပါတယ်။ ဆေးလုံး၀သယ်လို့မရတဲ့ဒေသတွေဆိုရင် သာမန်လူတွေအတွက်တောင် ဆေးဝါးရှားပါးနေပြီး။ နုနယ်တဲ့ ကလေးသူငယ်တွေအတွက်ဆို ပိုဆိုးပါတယ်။ စစ်ရှောင် ဒေသတွေ၊ စစ်ရှောင်နေရာတွေက အများကြီးရှိ တာဆိုတော့ အဲဒီဒေသတွေမှာ ကူညီပေးနိုင်မယ့် ကျန်းမာရေးလုပ်သားအင်အားအပြင် အခြားသော လူသားအရင်းအမြစ်တွေ အများကြီးလိုအပ်ချက်ရှိပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ဆေးဝါးပြတ်လပ်လာသည့် အခြေအနေများအပြင် စစ်ဘေးရှောင်ပြည်သူများထဲတွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးသူငယ်များအကြားအဖြစ်များသော ရောဂါများအတွက် ကာကွယ် ဆေးထိုးပေးရန် အခက်အခဲများရှိနေပြီး ငွေကြေးမလုံလောက်သည့် ပြဿနာများလည်း ကြုံတွေ့ နေရကြောင်း အဆိုပါ စစ်ရှောင်ကူညီသူဦးက ဆက်ပြောသည်။
“ကလေးသူငယ်တွေကိုကာကွယ်ဆေးထိုးဖို့က ခက်ခဲနေတဲ့အပေါ် နှစ်ပိုင်းရှိပါတယ်။ ကာကွယ်ဆေး ၀ယ်ယူဖို့ အလှူငွေမရှိတာရယ်။ ၀ယ်ယူပြီး ပို့ဆောင်ဖို့ကြန့်ကြာတာရယ်ပါ။ ဒါ့အပြင် စစ်ဘေးရှောင်တွေ အသက်ရှင်ရပ်တည်ဖို့အတွက် ပိုမိုလုံးပမ်းနေရတာမျိုး ဖြစ်တဲ့အခြေအနေမှာ ဒီလိုကိစ္စတွေအတွက် ထည့်သွင်း မစဉ်းစားမိတဲ့အခြေအနေကြောင့် ဖြစ်နိုင်ပါတယ်။” ဟု ၎င်းက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ဘေးရှောင်ဦးရေ (၃၅,၀၀၀)ကျော်ရှိခဲ့ပြီး တစ်လထက်တစ်လ စစ်ရှောင်ဦးရေတိုးလာကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ ၉ ရက်နေ့အထိ တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးသေဆုံးပြီး ၄၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။



















