Home သတင်း စစ်ကောင်စီ၏ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှုကြောင့် ကျောက်ကြီးဒေသခံ ၄ ဦးထိခိုက်ပြီး နေအိမ် ၉ လုံးပျက်စီး

စစ်ကောင်စီ၏ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှုကြောင့် ကျောက်ကြီးဒေသခံ ၄ ဦးထိခိုက်ပြီး နေအိမ် ၉ လုံးပျက်စီး

944
Photo: KNU

စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၉ ရက်မှ ၂၃ရက်နေ့အတွင်း လက်နက် ကြီး ဆက်တိုက်ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦးထိခိုက်ပြီး နေအိမ် ၉ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ (ဗဟို)က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(ခလရ−၂၆၄)၊ ခြေမြန်တပ်ရင်း(ခမရ−၅၉၉) နှင့် (ခမရ−၅၉၀) တပ်စခန်းမှ ထီးပူလူ၊ တောင်ခင်၊ လိန်ပင်ဝဲ၊ တခေါ်ပွာ၊ ထီးလိုတိုစသည့်ကျေးရွာများအတွင်းသို့ (၁၂၀မမ) နှင့် (၈၀မမ) လက်နက်ကြီးများဖြင့် ၅ ရက်ဆက်တိုက် ပစ်ခတ်ခဲ့ခြင်းကြောင့် အသက် ၉ နှစ်အရွယ် မောင်ဟန် ထက်အောင် သည် ခြေထောက်၊ အသက် ၂၆ နှစ်အရွယ် တင်ကိုလတ်သည် လက်မောင်း၊ အသက် ၃၆ နှစ်အရွယ် စောမူတူး နှင့် အသက် ၅၂ အရွယ် ဒေါ်စန်းတို့နှစ်ဦးမှာလည်း ကျည်စထိမှန်ခဲ့ကာ နေအိမ် ၉ လုံးပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန် ကျွဲ၊ နွားများလည်း လက်နက်ကြီးကျည်စထိမှန်ခဲ့ကြောင်း ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များသည် ကျောက်ကြီးမြို့နယ်ရှိ နီးစပ်သည့်ကျေးရွာများအတွင်းသို့ ညစဉ် လက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှုများလုပ်ဆောင်နေသလို တံတားတစ်စင်းလည်း ဖောက်ခွဲခြင်းခံရ၍ ကျိုးကျသွားကြောင်းလည်း အမည်မဖော်လိုသူ ကျောက်ကြီးဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ညကတော့ ကျောက်ကြီး နတ်သံကွင်းတံတားတစ်ချောင်းထပ်ချိုးခံထိတယ်။ အသံတော့အကျယ်ကြီး ကြားရ တယ်။ အရင်ရက်တွေကတော့ စကစတွေစစ်ကြောင်းထိုးလာလို့ ရွာသားတွေထွက်ပြေးနေရတယ်။ နတ်သံကွင်း ဘက်မှာလည်း စကစတွေရှိနေသေးတယ်။ လက်နက်ကြီးကတော့ ညတိုင်းပစ်နေတာပဲ။ တစ်ညကို ၈ ခါလောက် အမြဲ ပစ်နေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း လွန်ခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီ၏ ၂ ရက်ဆက်တိုင် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အပြင် လက်နက်ကြီးပစ်ခတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကို ဆက်တိုက်ပြုလုပ်လာနေကြောင်း ဒေသတွင်းလှုပ်ရှားနေသည့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက သတင်းထုတ်ပြန်ထားကြောင်းတွေ့ရှိရသည်။

ဆက်လက်၍ ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ၊ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် စစ်ဘေးရှောင်နေရသလို မိုးကြီးရေလျှံမှုများကြောင့်လည်း ဒေသခံပြည် သူများအနေဖြင့် ကျန်းမာရေး၊ ပညာရေးနှင့်စားဝတ်နေရေးများအတွက် အကူအညီများ ဆက်လက် လိုအပ် နေကြောင်း ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။